
ဂရင်းလန်းကျွန်းမှာ အမေရိကန်စစ်စခန်းသစ်နှစ်ခု ဆောက်ခွင့်ပြုတဲ့ ကာကွယ်ရေး သဘောတူညီချက်ကို အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့က စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။
သဘောတူညီချက်က ဒိန်းမတ်ရဲ့ အချုပ်အခြာအာဏာနဲ့ ဂရင်းလန်းပြည်သူတွေရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်ခွင့်ကို အသိအမှတ်ပြုထားပါတယ်။
“သင့်တော်တဲ့နေရာတွေမှာ စစ်အင်အား အကြီးအကျယ် ချထားဖို့ လုပ်ငန်းစဉ်ကို ချက်ချင်း စတင်မယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
စစ်စခန်းသစ်တွေကို ကျွန်းတောင်ပိုင်း နာဆားဆူအက်ခ်နဲ့ အရှေ့ဘက်ကမ်းရိုးတန်း မက်စတာဗိခ် တို့မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ လက်ရှိ ဘီဒူဖိခ် အာကာသစခန်းကိုလည်း အဆင့်မြှင့်ပြီး စစ်ဘက်လုပ်ငန်းတွေ တိုးချဲ့ခွင့်ရမှာ ဖြစ်ပါတယ်။
NATO အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကိုတော့ ဂရင်းလန်းမှာ စစ်စခန်းတည်ဆောက်တာနဲ့ တပ်ဖွဲ့တွေ ရေရှည်ချထားတာ တားမြစ်ထားပါတယ်။
ဂရင်းလန်းကို သိမ်းယူမယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် လပေါင်းများစွာ တင်းမာခဲ့ပြီးနောက် ဒီသဘောတူညီချက် ရလာခဲ့ပါတယ်။
သဘောတူညီချက် အသက်ဝင်ဖို့တော့ ဒိန်းမတ်နဲ့ ဂရင်းလန်းလွှတ်တော်တွေရဲ့ အတည်ပြုချက် လိုအပ်နေပါသေးတယ်။
Source:Reuters










