
အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့အကြား ဂရင်းလန်းကျွန်းဆိုင်ရာ သဘောတူညီချက်ကို တကယ်ကြိုဆိုတယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုးဇက် ကာဗို ဒရာဂွန်က စက်တင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
“စစ်ဘက်ဆိုင်ရာ ရှုထောင့်ကကြည့်ရင် ကျနော်တို့ အဲဒီဒေသမှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အဲဒီဒေသကို ကျနော်တို့ အထူးဂရုစိုက် ဆောင်ရွက်နေပါတယ်” လို့ ကိုပင်ဟေဂင်မြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောခဲ့ပါတယ်။
ဂရင်းလန်းကျွန်းမှာ အမေရိကန်ရဲ့ စစ်ရေးအရ အရေးပါတဲ့ တည်ရှိမှုကို တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ တချိန်တည်းမှာ အမေရိကန်ရဲ့ ပြိုင်ဘက်တွေက ဒီကျွန်းပေါ်မှာ စစ်အခြေစိုက်စခန်းတွေ တည်ဆောက်တာကို တားမြစ်ပိတ်ပင်ဖို့ သဘောတူညီချက်တရပ်ကို ချုပ်ဆိုခဲ့တယ်လို့ အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့က သောကြာနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
နိုင်ငံရေး အကဲခတ်နဲ့ မျက်မှောက်ရေးရာ သုံးသပ်လေ့လာသူ နိုအာ ရက်ဒင်တန် က “ဒါဟာ အလွန်အရေးပါတဲ့ ကိစ္စရပ်တခုပါ။ အပြုသဘောဆောင်တဲ့ ရလဒ်ကတော့ ဒီအရာက အခြေအနေကို တည်ငြိမ်စေလိမ့်မယ်” လို့ ပြောပါတယ်။
ဒိန်းမတ်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတခုဖြစ်တဲ့ ဂရင်းလန်းကျွန်းမှာ အမေရိကန်ရဲ့ စစ်ရေးအရ တည်ရှိမှု အတိုင်းအတာ ဘယ်လောက်ရှိမလဲ၊ နိုင်ငံခြားရေးမူဝါဒနဲ့ သယံဇာတဆိုင်ရာ တရားဝင်အာဏာပိုင်မှု တစုံတရာကို အမေရိကန်အစိုးရဆီ လွှဲပြောင်းပေးအပ်မလားစတဲ့ သဘောတူညီချက်ရဲ့ အဓိကအချက်အလက်တွေကို လူသိရှင်ကြား မထုတ်ပြန်သေးပါဘူး။
ဂရင်းလန်းကျွန်းကို သိမ်းပိုက်ထိန်းချုပ်မယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ဖူးပြီး လာမဲ့အပတ် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။











