DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ရန် အရပ်ဘက်အဖွဲ့အစည်း ၁၇၄ ဖွဲ့ တောင်းဆို
DVB
·
December 10, 2024
စစ်ခေါင်းဆောင်ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ရန် အရပ်ဘက်အဖွဲ့အစည်း ၁၇၄ ဖွဲ့ တောင်းဆို
Donate to DVB

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကနေ ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေက လျှောက်ထားလိုက်တာကို ပြတ်ပြတ်သားသား ထောက်ခံတယ်လို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၇၄ ခုက အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခံရသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အဲဒီရာဇဝတ်မှုကို တားဆီးရေး အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၉ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာဖြစ်ပြီး အမြန်ဆုံး ဝရမ်းထုတ်ပေးဖို့ မျှော်လင့်သလို နှောင့်နှေးမနေဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဝရမ်းထုတ်ဖို့ လျှောက်တာဖြစ်ပေမဲ့ ဒါဟာ မြန်မာပြည်သူအားလုံးအတွက်လည်း တရားမျှတမှုနဲ့ တာဝန်ခံမှုဆီကို ဦးတည်တဲ့ ခြေလှမ်းကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် နှစ်ပေါင်းဆယ်နဲ့ချီပြီး အစီအစဉ်ကျကျ ဖိနှိပ်အကြမ်းဖက် နှိပ်စက်ညှဉ်းပန်းတာ၊ ဝါဒမှိုင်းတိုက်ပြီး ခွဲခြားဆက်ဆံခဲ့တာတွေ လုပ်ခဲ့သလို ၂၀၁၇ ခုနှစ်မှာတော့ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ နောက်ဆုံး စစ်ဆင်ရေးကိုလုပ်ခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်းခွဲကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရိုဟင်ဂျာ ၁၀ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ အဖြေမရှိတဲ့ဘဝနဲ့ နေထိုင်နေကြရပြီး မြန်မာနိုင်ငံမှာလည်း အခြေအနေက ဆိုးဆိုးဝါးဝါး ရှိနေတယ်လို့ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် ဆက်လက်နှိပ်စက် ညှဉ်းပန်းနေပြီး ရိုဟင်ဂျာရွာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့တာ၊ ရိုဟင်ဂျာ အရပ်သားတွေကို အတင်းအကျပ် စစ်မှုထမ်းစေတာ၊ ရှေ့တန်းကို ပို့တာနဲ့ လူသားဒိုင်း လုပ်တာတို့ကိုလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကိုတင် မဟုတ်ဘဲ တခြားလူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့စနစ်တကျ ရက်စက်ယုတ်မာပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဆယ်စုနှစ် ပေါင်းများစွာ လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းပြီးနောက်မှာလည်း နိုင်ငံတဝန်းမှာ လူပေါင်း ၆,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို လူပေါင်း ၃၀၀၀၀ လောက်ကို မတရားဖမ်းဆီး၊ နေအိမ် ၁ သိန်းကျော်ကို မီးရှို့ပြီး လေကြောင်းကနေတိုက်ခိုက်မှု အကြိမ်ပေါင်း ၃,၂၀၀ ကျော်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ရက်စက်ကြမ်းကြုတ်တာတွေကို တားဆီးရန်ဖို့နဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြား လူ့အဖွဲ့အစည်းတွေအတွက် တရားမျှတမှုရှိစေဖို့အတွက် စစ်ခေါင်းဆောင်နဲ့ တခြား တာဝန်ရှိသူတွေကို အမြန်ဆုံးတာဝန်ခံစေဖို့လိုအပ်ပြီး အခုလိုဖမ်းဝရမ်းထုတ်တာဟာ ရိုဟင်ဂျာတွေတင်မကဘဲ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုဒဏ်ကိုခံနေရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အတွက်လည်း အရေးကြီးတဲ့လက်နက်တခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ICC ဆီကို လွှဲပေးဖို့၊ မြန်မာစစ်တပ်ကို အရေးယူဖို့အတွက် အရပ်ဘက်အဖွဲ့တွေဟာ အစဉ်တစိုက် တောင်းဆိုခဲ့ကြပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ အမှုဖွင့် တရားစွဲဖို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ လန်ဒန် အခြေစိုက်တဲ့ MAP- Myanmar Accountability Project က တရားရုံးကို သက်သေတွေနဲ့တကွ ဦးတိုက်လျှောက်ထား ခဲ့ဖူးပါတယ်။

ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့  အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ခေါင်းဆောင်က ပြောထားပြီး အဲဒါတွေအပါအဝင် အချက်အလက် အမှုတွဲတွေကို ICC နဲ့ ICJ အပါအဝင် တရားရေးအာဏာပိုင်တွေကို မျှဝေပေးသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013