DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် စစ်တပ်က အမျိုးသားများကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေ
DVB
·
December 9, 2024
ဘိုကလေးတွင် စစ်တပ်က အမျိုးသားများကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး စစ်မှုထမ်းတပ်သား လိုအပ်ချက်ကြောင့် အရပ်သားလူငယ်တွေကို အဓမ္မ လိုက်လံဖမ်းဆီး ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်မှာ တပ်သားလိုအပ်ချက်ကြောင့်ဆိုပြီး ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်မှာ စစ်ကောင်စီတပ်က ညဘက်အချိန်တွေမှာ အရပ်သားလူငယ်တွေရှိနေတဲ့ အိမ်တွေကို တိုက်ရိုက်ဝင်ရောက် ဖမ်းဆီးခေါ် ဆောင်နေတာလို့ ဆိုပါတယ်။

ဘိုကလေးဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးတွေရဲ့ လက်ထောက်ချမှုကြောင့် အခုလို လူငယ်အမျိုးသားရှိတဲ့ အိမ်တွေ စစ်ကောင်စီတပ်က သိနေတာပေါ့။ အခုက စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်တာ၊ မဲနှိုက်တာတွေ မလုပ်တော့ဘူး၊ အတင်းကို ဖမ်းခေါ်တာ။ မနေ့က ၃ ယောက်ပါသွားတယ်။ ညဘက် စစ်ကားတွေနဲ့ လာဖမ်းခေါ်တာ” လို့ ပြောပါတယ်။

ဘိုကလေးမြို့နယ်ကနေ ၂ ရက်အတွင်း စစ်ကောင်စီတပ်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် စစ်သားစုဆောင်းခံရတဲ့ အရပ်သား အယောက် ၂၀ ထက်မနည်းရှိပြီး ကျေးရွာတွေဘက်က များတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ဖမ်းဆီးခေါ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ တပ်တွင်းသတင်းအရတော့ တပ်သားလိုအပ်ချက်ကြောင့် အခုလိုလုပ်နေတာလို့ သိရတယ်။ အကြောင်းအမျိုးမျိုးပြ ဖမ်းတာလည်းရှိတယ်။ အုပ်ကြီးတွေစုပေးတဲ့စာရင်းအရ ဆင့်ခေါ်ဆိုလည်း ဆင့်ခေါ်၊ ဖမ်းခေါ်ဆိုလည်း ဖမ်းခေါ်ရတာ။ တချို့နေရာတွေဆို ရပ်ကျေးအုပ်ကြီးတွေကိုယ်တိုင် ပါတယ်လေ” လို့ ပြောပါတယ်။

ဘိုကလေးမြို့နယ်ကနေ အတင်းအဓမ္မ စစ်သားစုဆောင်း ဖမ်းဆီးခေါ်ခံရတဲ့ အရပ်သား လူငယ်တွေကို ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးပေမဲ့ မော်ကျွန်း ၅၃၄ ခြေလျင်တပ်မှာ ဖမ်းဆီးထားတာများတယ်လို့ နီးစပ်သူက ဆိုပါတယ်။

ဘိုကလေးမြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၇ အထိ ကိုယ်ဝန်ဆောင်သည်တွေရဲ့ အမျိုးသားတွေ၊ သက်ကြီး မိအို ဖအိုနဲ့ အတူနေလူငယ်တွေ၊ အသက်မပြည့်သေးတဲ့ အမျိုးသား လူငယ်တွေ အပါအဝင် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ အယောက် ၄၀၀ ထက်မနည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013