DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရန်မျှော်လင့်၊ ဆီးရီးယား လက်နက်သိုလှောင်ရုံကို အစ္စရေးတိုက်ခိုက် 
DVB
·
December 9, 2024
ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရန်မျှော်လင့်၊ ဆီးရီးယား လက်နက်သိုလှောင်ရုံကို အစ္စရေးတိုက်ခိုက် 
Donate to DVB

အာဏာရှင်သမ္မတ အာဆတ် ပြုတ်ကျသွားပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ တော့  ဆီးရီးယားပြည်သူတွေဟာ မျှော်လင့်ချက်ရှိပေမဲ့ မရေရာမှုတွေနဲ့ ပြည့်နေတဲ့ အနာဂတ်တခုရဲ့ ပထမဆုံး မနက်ခင်းမှာ နိုးထလာခဲ့ကြပါတယ်။

တော်လှန်ရေးတပ်တွေက မြို့တော် ဒမတ်စကတ်ကို သိမ်းပိုက်လိုက်ချိန်မှာ သမ္မတ ဘာရှားအာဆတ်နဲ့ မိသားစုကလည်း ရုရှားမှာ ခိုလှုံနေကြပြီဖြစ်ပါတယ်။

အာဆတ်မိသားစု သားအဖနှစ်ယောက်၊ သမ္မတနှစ်ဆက် နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားပြီဖြစ်သလို ၁၃ နှစ်ကြာ ပြည်တွင်းစစ်လည်း အပြီးသတ်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

တချိန်က အယ်လ်ကေးဒါးအဖွဲ့ခွဲတခု ဖြစ်ခဲ့ဖူးတဲ့ ဟာယတ်အယ် တဟီရာ အယ်ရှမ် (HTS) အဖွဲ့ က ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုရဲ့ လျှပ်စီးလိုမြန်ဆန်တဲ့ ထိုးစစ်ဟာ မျိုးဆက်ပေါင်းများစွာအတွင်း အရှေ့အလယ်ပိုင်းရဲ့ အကြီးမားဆုံး အလှည့်အပြောင်း ဖြစ်လာခဲ့ပါတယ်။

အာဆတ် ပြုတ်ကျသွားတာဟာ အာရပ်ကမ္ဘာမှာ အီရန်နဲ့ ရုရှားရဲ့ ဩဇာကျင့်သုံးဖို့ လက်ကိုင်တုတ်တချောင်း ကျိုးသွားခဲ့တာလည်း ဖြစ်ပါတယ်။

မော်စကိုဟာ အာဆတ်မိသားစုကို ခိုလှုံခွင့်ပေးထားတယ်လို့ ဗီယင်နာက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဆိုင်ရာ ရုရှားသံအမတ်ကြီး မီခေးလ် ယူလီယာနော့ဗ်က အတည်ပြုပါတယ်။

ကမ္ဘာတလွှားက အစိုးရတွေကတော့ အာဆတ်ရဲ့ အာဏာရှင်ဆန်တဲ့ အစိုးရ ပြုတ်ကျသွားတာကို ကြိုဆိုခဲ့ကြပေမဲ့ ဘာဆက်ဖြစ်မလဲဆိုတာ သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ဆီးရီးယားဟာ အန္တရာယ်နဲ့ အခွင့်အလမ်းတွေပြည့်နေတဲ့ ကာလကို ဖြတ်သန်းနေရတယ်လို့ မှတ်ချက်ပေးပါတယ်။

အမေရိကန်က တနင်္ဂနွေနေ့မှာ ဆီးရီးယားအလယ်ပိုင်းက အိုင်အက်စ်စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း ဆီးရီးယားမှာ ရုရှား၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တွေက အရေးပါတဲ့ အခန်းကဏ္ဍက မထိန်းချုပ်ထားနိုင်တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

HTS အဖွဲ့ကို အမေရိကန်၊ တူရကီနဲ့ ကုလသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပေမဲ့ နိုင်ငံတကာအစိုးရတွေနဲ့ ဆီးရီးယားက လူနည်းစုအုပ်စုတွေကို အာမခံချက်ပေးဖို့ နှစ်ပေါင်းများစွာ သူ့ပုံရိပ်ကို ပြောင်းလဲဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

HTS ခေါင်းဆောင် အာမက်အယ်လ်ရှာရာ (ခေါ်) အဘူမိုဟာမက်အယ်လ်ဂိုလန်နီက ဘာသာရေးအရ အရေးပါတဲ့နေရာဖြစ်တဲ့ ဒမတ်စကတ်က အူမာယက်ဗလီကြီးထဲမှာ လူအုပ်ကြီးကို မိန့်ခွန့်ပြောကြားခဲ့ပါတယ်။

“ဒီအောင်ပွဲအပြီးမှာ ဒေသကြီးတခုလုံးမှာ ကျုပ်တို့ညီနောင်တွေဟာ သမိုင်းသစ်ရေးနိုင်ခဲ့ပြီ” လို့ ကြွေးကြော်ခဲ့ပါတယ်။

အာဆတ်လက်ထက် ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းမှာ အရက်စက်ဆုံး နိုင်ငံတခုအဖြစ် ထင်ရှားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားသောင်းချီကို ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေ အောက်မှာ ချုပ်နှောင်ထားပါတယ်။

တနင်္ဂနွေနေ့မှာ အကျဉ်းထောင်တွေထဲက လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ ထောင်ထဲမှာ ဘယ်နှစ်နှစ်နေခဲ့ရလဲဆိုတာ သူတို့လက်တွေကို မြှောက်ပြပြီး ဒမတ်စကတ်လမ်းတွေပေါ်မှာ ပြေးလွှားနေကြပါတယ်။

တော်လှန်ရေးအဖွဲ့တွေက ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ဒမတ်စကတ်မြို့ဟာ တညလုံး ငြိမ်သက်နေပြီး မြို့ထဲဝင်တဲ့လမ်းတွေ လူသူကင်းမဲ့နေပါတယ်။

စျေးဝယ်စင်တာတခု တနင်္ဂနွေနေ့က လုယက်ခံရပြီး လူတချို့က သမ္မတနန်းတော်ထဲကို ဝင်ရောက်ကာ ပရိဘောဂတွေ သယ်ဆောင်သွားကြပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုကတော့ အုပ်ချုပ်ရေးအာဏာရှိတဲ့ ကြားကာလအစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးဖို့ လုပ်ဆောင်နေပြီး “ဆီးရီးယားကို အတူတကွ တည်ဆောက်မယ်” လို့ ကြေညာထားပါတယ်။

ဒီဖြစ်ရပ်တွေရဲ့ အလျင်မြန်ဆုံး တိုးတက်မှုတွေက ကမ္ဘာ့နိုင်ငံတွေကို အံ့အားသင့်စေခဲ့ပြီး ဂါဇာစစ်ပွဲ၊ လက်ဘနွန်ကို အစ္စရေးတိုက်ခိုက်မှုနဲ့ အစ္စရေး-အီရန်အကြား တင်းမာမှုတွေအပြင် ဒေသတွင်း မတည်ငြိမ်မှုတွေအပေါ် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာစေပါတယ်။

၂၀၁၁ ခုနှစ်မှာ အာဆတ်ကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီးတွေကနေ ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်း၊ အာဆတ်တပ်တွေနဲ့ ရုရှားမဟာမိတ်တွေက မြို့တွေကို ဗုံးကြဲ ဖျက်ဆီးခဲ့ကြပါတယ်။

ဒုက္ခသည်ပြဿနာဟာ အရှေ့အလယ်ပိုင်းဒေသမှာ ခေတ်သစ်ကာလရဲ့ အကြီးမားဆုံး ပြဿနာတခု ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဒုက္ခသည်တသန်း ဥရောပကို ရောက်ရှိလာတဲ့အခါ ဥရောပမှာပါ  နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

မကြာသေးတဲ့နှစ်တွေအတွင်း တူရကီနိုင်ငံက အနောက်မြောက်ပိုင်းနဲ့ သူ့နယ်စပ်တလျှောက်မှာ တော်လှန်ရေေတချို့ကို ထောက်ပံ့ခဲ့ပါတယ်။

ဆီးရီးယားမှာ တပ်ဖွဲ့ဝင် ၉၀၀ လောက်ရှိတဲ့ အမေရိကန်နိုင်ငံကတော့ ၂၀၁၄-၂၀၁၇ ကာလအတွင်း အိုင်အက်စ်အစွန်းရောက်တွေကို တိုက်ခိုက်ခဲ့တဲ့ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးထားပါတယ်။

ဒီအတောအတွင်း အစ္စရေးစစ်တပ်က ဆီးရီးယားနိုင်ငံရဲ့မြို့တော် ဒမတ်စကတ်က လက်နက်သိုလှောင်ရုံတခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပုံကို ပြထားတဲ့ ရုပ်သံကို တရုတ်မီဒီယာ CGTN က ဒီဇင်ဘာ ၉ ရက်မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဆီးရီးယား သူပုန်တပ်ဖွဲ့တွေလက်ထဲ အဆင့်မြင့်လက်နက်တွေ မကျရောက်စေဖို့ ရည်ရွယ်ထားတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

“ဆီးရီးယားစစ်တပ်ရဲ့ လက်နက်တွေ လုယက်ခံရတာ၊ သူပုန်တွေလက်ထဲ ပြန့်ကျဲ ရောက်ကုန်တာမျိုးတွေကို အစ္စရေးက မလိုလားဘူး၊ ဒီမှာ နေရာတိုင်းက လူတိုင်းဟာ လက်နက်တွေ ကိုင်ဆောင်ထားတယ်၊ သူတို့မှာ အစ္စရေးဆန့်ကျင်ရေး စိတ်ဓာတ်တွေ ရှိနေမလား ဆိုတာလည်း အစ္စရေးက မသိရဘူး၊ ဒါကြောင့် ဆီးရီးယားစစ်တပ်က ဘေးကင်းရာ ရွှေ့ချိန်မှာ ဖြစ်နိုင်သမျှ လက်နက်အားလုံးကို ဖျက်ဆီးနေတာ”လို့ သတင်းထောက် ဟိုင်ဒါ ခက်ဇ်ဝီနီက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ဂိုလန်ကုန်းမြင့်က ဟာမွန်တောင်ထိပ်မှာရှိတဲ့ ဆီးရီးယားစစ်တပ် အခြေစိုက်စခန်းကို IDF အစ္စရေးကာကွယ်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ အစ္စရေး အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂိုလန်ကုန်းမြင့်က စစ်တပ်ကင်းမဲ့ဇုန်ထဲကို ရွှေ့ပြောင်းဝင်ရောက်ခဲ့ပြီး ဒါဟာ ဒီဧရိယာထဲကို ဆီးရီးယားသူပုန်တွေ ဝင်သိမ်းပြီး အစ္စရေးကို မတိုက်ခိုက်ရေး ဟန့်တားဖို့ အကွက်ရွှေ့တာလို့ အစ္စရေးစစ်တပ်  (IDF) က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောပါတယ်။

ညဘက်မှာတော့ ကြားခံ စစ်တပ်ကင်းမဲ့ဇုန်ထဲကနေ အရေးယူ ဆောင်ရွက်တာတွေ လုပ်ခဲ့တယ်လို့  IDF က လူမှုကွန်ရက်မီဒီယာ X ကနေ အတည်ပြု ပြောဆိုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013