DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ
DVB
·
December 9, 2024
သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုရှိနေတယ်လို့ မတ္တရာ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက အထက်ကပေးတဲ့ ဖိအားတွေကြောင့် တကယ် မတိုက်ဘဲ တိုက်ပွဲအတုတွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF ပူးပေါင်းအဖွဲ့တွေ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

စစ်ကောင်စီက လက်လွှတ်ထားရတဲ့စခန်းတွေကို ပြန်ရဖို့ နည်းလမ်းစုံအသုံးပြုနေပြီး PDF တွေက ပြန်ခုခံနေရတာ ဖြစ်ပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ရှိနေသလို နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေပေမဲ့ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် အခြေအနေအတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးကလည်း စစ်ကောင်စီက ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပေမဲ့ မြေပြင်အခြေအနေအ သေးစိတ်ကိုတော့ အတည်ပြုထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

မတ္တရာ PDF တာဝန်ရှိသူ  ဦးတိုးက “သပိတ်ကျင်းအခြေအနေကတော့ ထိတွေ့မှုရှိတယ်၊ နှစ်ဖက်ရင်ဆိုင်ထားဆဲပဲ။ ၇ မိုင်ရဲ့မြောက်ဘက် အုန်းနှဲကူး၊ တွင်းငယ်၊ ကျောက်ကြီး၊ တတက ၁၃၊ အဲ့ဒီဘက်မှာတော့ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်နေတာတွေ ရှိတယ်။ ဒါပေမဲ့ မြေပြင်သတင်းရယူ ဖို့အတွက် အခက်အခဲရှိတယ်။ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်၊ ကျန်တဲ့ သပိတ်ကျင်းနေရာတွေကတော့ အေးဆေးပါတယ်၊ တည်ငြိမ်တယ်၊ ပုံမှန်လုပ်ငန်း လည်ပတ်နေတာလည်း ရှိပါတယ်။ စဉ့်ကူးကတော့ အေးဆေးပဲ သာမန်ပဲ။ သူ့ပုံမှန်အတိုင်းပဲ လည်ပတ်နေတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းမှာ ဆုံးရှုံးထားတဲ့ စခန်းတွေကို ပြန်သိမ်းဖို့ အထက်က ဖိအားပေးတာတွေကြောင့် စစ်ကောင်စီ တပ်သားတွေက မြေပြင်မှာ တကယ်မတိုက်ဘဲ တိုက်ပွဲအတု ဖန်တီးပြီး အထက်ကို သတင်းပြန်တင်တာမျိုးတွေ ရှိနေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် မနက်အစောပိုင်း ၂ နာရီကျော်အချိန်မှာ တံတားဖြူဘက်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်အသံပေးပြီး မြေပြင်မှာ တိုက်ပွဲဖြစ်ခဲ့သယောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “၂ နာရီ ၅၀ ကစပြီးတော့ ၄ နာရီကျော်ကျော်ထိအောင် တညလုံးပေါ့လေ ညဘက်ကြီး အတွဲလိုက်တွေရော၊ စက်ကလေးတွေရော၊ ၆၀ တွေပါ ပစ်လိုက်သေးတယ်၊ ၄၀ က ပါသေးတယ်။ မတ္တရာရဲ့အရှေ့ဘက် ကံဖြူတို့ တံတားဖြူတို့ဘက်ကနေ ပစ်နေတာ ၁ နာရီကျော်လောက်ကြာမှာပေါ့။ နှစ်ဖက် ထိတွေ့မှုဖြစ်တာ လုံးဝမရှိဘဲနဲ့ အဲ့ဒီမှာရှိတဲ့ကောင်တွေက သူတို့ဘာသာသူတို့ တိုက်ပွဲအတုဖန်တီးတာဗျို့။ စကစဘက်က တိုက်ပွဲအတု ဖန်တီးတဲ့ ပုံစံမျိုးလုပ်တာ သူတို့နေတဲ့နေရာကနေပဲ စက်ကလေးဆွဲတယ်၊ ငါးကြင်းမြှီးကုပ်တယ်။ လက်နက်ငယ်တွေ အတွဲလိုက်ဆွဲတယ်။ ၄၀ တွေပစ်တယ်၊ ၆၀ ပါပစ်လိုက်သေးတယ်။ တိုက်ပွဲအတုဖန်တီးပြီးတော့ နောက်ဆုတ်သွားတယ်။ သူတို့ရဲ့အထက်ကိုတော့ သူတို့အစီရင်ခံစာ ဘယ်လို တင်မလဲတော့ ကျနော်လည်း မသိဘူးပေါ့။ ဟိုဘက်က ဘယ်လိုဖိအားပေးလို့ သူတို့ ဒီလိုတိုက်ပွဲအတု ဖန်တီးတယ်ဆိုတာ မသိရဘူး။ အခုမြေပြင်မှာ လိုက်ထောက်တဲ့အချိန်မှာ လုံးဝတိုက်ပွဲအတု ဖန်တီးတယ်ဆိုတာ ထင်ရှားတယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရရ ဖိအားပေးမှုတချို့ကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ယာယီရပ်ဆိုင်းသွားပြီးနောက် စက်တင်ဘာလကစပြီး စစ်ကောင်စီက မန္တလေးတိုင်းထဲမှာ နယ်မြေပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

မန္တလေးတိုင်းထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်ခံရတာတွေ အရှိန်တန့်သွားပြီးတဲ့နောက် စစ်ကိုင်းတိုင်း ဘက်ကို စစ်ကောင်စီက စစ်ဦးပြန်လှည့်နေတာကိုလည်းတွေ့ရပါတယ်။

ဒီဇင်ဘာလဆန်းကစပြီး မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာလည်း နယ်မြေ မတည်ငြိမ်မှုတွေဖြစ်နေပြီး မကြာခဏထိတွေ့မှုတွေရှိနေတာပါ။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်) ကိုစိုးဝင်းဆွေက “စစ်ကိုင်းတိုင်းမှာ စစ်ရေးကပြင်းထန် နေတယ်လို့ ပြောလို့ရပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်ကလည်း စစ်ကြောင်းတွေ ထိုးလာတာ ရှိတယ်ပေါ့။ မြန်မာပြည်သူလူထုအများစုရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီးတော့ လက်နက်ရှိတဲ့လူကို ပေါ့ဗျာ လတ်တလောမှာ ကြီးစိုးနေနိုင်တဲ့လူတွေကို တရုတ်ဘက်က ချဉ်းကပ်ဆက်ဆံမယ်ဆို ရင်တော့ ဒါဟာ မြန်မာပြည်အပေါ်မှာ ကောင်းသောပေါ်လစီ ဖြစ်မလာဘူးလို့ပဲ ယူဆတယ်။ မူဝါဒရေးရာ မှားတယ်လို့ပဲ ကျနော်တို့ကတော့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်၊ တံငါမြစ်တောင်ဘက်၊ မတ္တရာ-မန္တလေးလမ်းမကြီးရဲ့အနောက်ဘက်ခြမ်းက ရွာပေါင်း ၄၅ ရွာကပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတာပါ။

မတ္တရာမြို့နယ်တောင်ဘက် ရွှေတချောင်းမြောင်းရိုးတလျှောက် ကျုံးရွာ၊ ဝက်ခဲ၊ သံတံတား၊ ပွဲတိုင်းကျော်၊ တောင်ပြုန်းအရပ်တွေအပါအဝင် ပျူစောထီးဂိတ် ၉ ဂိတ်ထက်မနည်း ဖွင့်ထားတာကြောင့် ရိက္ခာအတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်သယ်ယူရေးတွေခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013