DVB Logo
Home
မြန်မာသတင်း
ပုလောတွင် စစ်ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းများ လုယက်ပြီး ရွာသားများကို ဖမ်းဆီး
DVB
·
December 9, 2024
ပုလောတွင် စစ်ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းများ လုယက်ပြီး ရွာသားများကို ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ခန္တီကျေးရွာအုပ်စုမှာ စစ်ကောင်စီစစ်ကြောင်းက လာရောက်တပ်စွဲထားတာ ၁၀ ရက်ကျော်လောက်ရှိနေပြီး လူနေအိမ်တွေကနေ ပစ္စည်းတွေကို အဓမ္မသိမ်းဆည်းယူဆောင်ကာ အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၈ ရက်က ခန္တီကျေးရွာထဲကို စက်လှေ ၃ စီးနဲ့ အရင်ဝင်ရောက်လာပြီးနောက် တဆက်တည်းဖြစ်တဲ့ တောင်ခေါင်းလောင်းရွာ၊ ပြင်ကြီးရွာနဲ့ ကုလားမခေါင်းရွာတွေကိုပါ စစ်ကြောင်းထိုး သွားလာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

တောင်ခေါင်းလောင်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့်  ခန္တီရွာအုပ်စုအတွင်းရှိ ရွာ ၄ ရွာက ဒေသခံပြည်သူတွေ အကုန်နီးပါး တိမ်းရှောင်ထွက်ပြေးကြကာ ဒီဇင်ဘာ ၉ ရက်အထိ စစ်ကြောင်းပြန်မထွက်သေးဘူးလို့ စစ်ရှောင်နေရတဲ့သူတွေက ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “မိုးချုပ်တဲ့အချိန်လောက်မှ ပစ္စည်းတွေယူတာရပ်တယ်။ ရသမျှဟာ အကုန်ယူပြီးတော့ ပလောက်ကို ပို့တယ်။ လူမရှိတဲ့အိမ် အကုန်လိုက်ရိုက်ဖွင့်တယ်၊ အကုန်ယူတော့ လူတွေလည်း နေမရဲတော့ဘူး။ သူတို့ ခန္တီရွာကို အရင်ဝင်ကြတော့ ခြံတွေ လယ်ကွင်းတွေဘက်ကို ပြေးကြတာပါ။ ကျမတို့က အခု တိမ်းရှောင်တဲ့နေရာမှာပဲ ရှိသေးတယ်၊ ပြန်ဝင်လို့ မရသေးဘူး”လို့ ပြောပါတယ်။

ရွာထဲ စစ်ကြောင်းဝင်လာပြီးနောက်တရက် နိုဝင်ဘာ  ၂၉ ရက်က ခန္တီရွာအုပ်စုရှိ  လူငယ်မျိုးသားတယောက်ကို စစ်သားတွေ လာရောက်ဖမ်းဆီးသွားပြီးနောက် နောက်တနေ့မှာ ရွာကလူတွေက လာရောက်ညှိနှိုင်းပြီး ပြန်ခေါ်ယူသွားခဲ့တယ်လို့ ဒေသခံအမျိုးသမီး‌တယောက်က ပြောပါတယ်။

“ပိုက်ဆံရှိတဲ့ လူငယ်တဦးပါ။ နောက်တရက်မှာ ညှိနှိုင်းပြီး လာခေါ်ထုတ်သွားတယ်။ သိန်း ၂၀၀ တောင်းတယ်လို့ ပြောတယ်။ ဘယ်လိုလုပ်လိုက်ကြလဲမသိဘူး သူတို့က။”

လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေမှာ စစ်တပ်က အခုထိ အထိုင်ချထားတာကြောင့် ရွာထဲပြန်လာနေထိုင်လို့ မရဲကြဘဲ လူမရှိ‌တော့တဲ့နေအိမ်တွေကို စစ်တပ်က ရိုက်ဖွင့်ပြီး အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ စစ်‌ရှောင်နေရတဲ့ ခန္တီရွာအုပ်စုရှိဒေသခံတွေက ပြောပါတယ်။

အလားတူဖြစ်စဥ်မျိုး အခုနှစ် အောက်တိုဘာလကလည်း ခန္တီကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့ပြီး အဲဒီအချိန်တုန်းက စစ်ကောင်စီတပ်သားတွေ ရှာဖွေမွှေနှောက်ပြီး အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားတဲ့လုပ်ရပ်တွေ ကြုံခဲ့ရတယ်လို့ စစ်ကြောင်းဆုတ်ခွာပြီးနောက် နေရပ်ပြန်လာခဲ့ကြတဲ့ ရွာသားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013