DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးအတွက် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေဟု NUG ဝန်ကြီး ဒေါက်တာဆာဆာ ပြော
DVB
·
December 8, 2024
မြန်မာ့အရေးအတွက် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေဟု NUG ဝန်ကြီး ဒေါက်တာဆာဆာ ပြော
Donate to DVB

မြန်မာ့အရေး ရှေ့ဆက်မဟာဗျူဟာအတွက် အမေရိကန် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။ 

နိုဝင်ဘာလဆန်းပိုင်းကစပြီး အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးက မြန်မာတိုင်းရင်းသားတွေနဲ့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ တွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ 

အမေရိကန်ပြည်ထောင်စုကို ရည်ရွယ်ချက် ၄ ခုအတွက် ရောက်နေတာဖြစ်ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာပြည်သူတွေကို တွေ့ဆုံရှင်းလင်းရေးနဲ့ ညီညွတ်ရေးအတွက် တိုက်တွန်းဖို့ စတဲ့အချက်တွေဖြစ်တယ်လို့ ဒေါက်တာဆာဆာက ဒေသစံတော်ချိန် ဒီဇင်ဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ မယ်ရီလန်းပြည်နယ်က မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ က “မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုဇယားမှာ ခိုင်မာတိကျအားကောင်းတဲ့ မဟာဗျူဟာ မရှိသလို ကျနော်ကတော့ ခံစားရတယ်။ သူတို့မှာ တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့် နည်းဗျူဟာ မရှိဘူး၊ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင်။ ဒါကြောင့်မို့ ကျနော်တို့ အမေရိကန်အစိုးရနဲ့ ကောင်းကောင်းစကားပြောဖို့ လိုလာပြီ။ အဲ့ဒါ နံပါတ် ၁။ အမေရိကန်အစိုးရနဲ့ တံခါးရှိသမျှကို ခေါက်ဖို့လိုတယ်။ ဝင်မယ် ဆွေးနွေးမယ်၊ မဟာဗျူဟာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမယ်။ နံပါတ် ၂ က လွှတ်တော်နဲ့ပေါ့။ လွှတ်တော်က အင်မတန်မှအရေးကြီးတယ်၊ အခုကတော့ သိတဲ့အတိုင်းပဲ ရွေးကောက်ပွဲပြီးသွားပြီ။ အထူးသဖြင့် Burma Act အကောင်အထည်ဖော်ဖို့က လွှတ်တော်က အရမ်းလိုလာတယ်။ ဒါကြောင့်မို့ ကျနော် လွှတ်တော်ကို သွားတွေ့ခဲ့ပြီ။ ဒီနေ့အထိတော့ ဆီနိတ်တာ ၅ ယောက်နဲ့ တွေ့ပြီးပြီ။ အကြိတ်အနယ်ဆွေးနွေးကြတယ်၊ ကျနော်လည်း အားရတယ်၊ သူတို့လည်း အားရတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဘာတွေဆွေးနွေးလဲ မမေးနဲ့ ပြောလို့လည်း မရဘူး။”

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ၃ နှစ်ကျော်ကာလမှာ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီကို ထိရောက်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ တဖက်မှာလည်း ညီညွတ်ရေးအတွက် မေးခွန်းထုတ်စရာ အခြေအနေတွေ ဖြစ်ပေါ်နေတာပါ။ 

အိမ်နီးချင်း အင်အားကြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အားပြိုင်မှုက မြန်မာ့အရေးအပေါ်မှာပါ သက်ရောက်နေပြီး စည်းလုံးမှုမရှိရင် ပိုပြီးခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရမယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ က “မစည်းလုံးရင်လေ မြန်မာနိုင်ငံ ရှိမှာ မဟုတ်တော့ဘူး မယုံမရှိနဲ့။ အဲ့ဒီအချိန်မှာ လာမငိုနဲ့။ ကျနော် နားထောင်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံ မစည်းလုံးဘူးဆိုရင် မြန်မာနိုင်ငံ အနာဂတ်မရှိတော့ဘူး။ အဲဒါတော့ မှတ်ထားပါ။ မယုံမရှိနဲ့။ ကျနော်တို့က ဒီဘက်က တရုတ်၊ ဒီဘက်က အိန္ဒိယ၊ အခုက ပထဝီနိုင်ငံရေးက အရမ်းအန္တရာယ်များတယ်။ ဒုတိယအကြိမ် ဘယ်လိုနည်းနဲ့မှ ကိုလိုနီနယ်မြေ အဖြစ်မခံရေး ဒို့အရေး အဲ့ဒါအရေးကြီးတယ်” လို့ ပြောပါတယ်။

NUG နဲ့ တော်လှန်ရေးအင်အားစုတွေက လက်ရှိ စစ်ကောင်စီခေါင်းဆောင်တွေကို ဖယ်ရှားနိုင်ရေးကိုသာ ဦးတည်ထားတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရှင်းလင်းနိုင်ရေးအထိ ရည်ရွယ်ထားတယ်လို့ ဒေါက်တာဆာဆာက တွေ့ဆုံပွဲတွေမှာ ဆက်တိုက်ပြောဆိုထားပါတယ်။ 

ဒါပေမဲ့ နိုင်ငံတကာအကူအညီတွေ လက်ခံရရှိရေးနဲ့ ဖြန့်ဝေသုံးစွဲနိုင်ဖို့အတွက် ပြည်တွင်းမှာ ညီညွတ်ရေးနဲ့ ဗျူဟာတကျဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတွေ လိုအပ်နေတာပါ။

Chin Community of USA, Inc. - D.C Area ဥက္ကဋ္ဌ ဒေါင်ခုပ် က  “ဘေးနားက အင်အားကြီးတဲ့ ၂ နိုင်ငံကြားမှာ ညှပ်နေတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတောင်မှ ပျောက်ကွယ်သွားမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းလေးပါ။ ဒါကြောင့် ဒီတော်လှန်ရေးကို စည်းစည်းလုံးလုံးနဲ့ ဆက်လက်ပြီးတော့မှ ကျနော်တို့ ပါဝင်ပြီးတော့မှ တိုက်ပွဲဝင်ကြပါစို့လို့ ကျနော် ပြောချင်ပါတယ်‌” လို့ ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ ဘော်စတွန်မြို့က ပြည်သူတွေနဲ့တွေ့ဆုံရာမှာ NUG ရဲ့ ရှေ့ဆက်မယ့် လမ်းစဉ်အခြေအနေတွေကို ဒေါက်တာဆာဆာက ရှင်းလင်းခဲ့ပြီး စစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) က ဖမ်းဝရမ်းမြန်မြန်ထုတ်နိုင်ရေးအတွက် ပြည်သူအားလုံး ဝိုင်းကြိုးစားကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

နိုဝင်ဘာ ၁ ရက်နေ့ နယူးယောက်မြို့က ပြည်သူတွေနဲ့တွေ့ဆုံရာမှာတော့ နိုင်ငံတကာကနေ စစ်ကောင်စီဆီ တင်ပို့နေတဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ဖို့၊ နိုင်ငံတကာမှာ စစ်ကောင်စီရဲ့ တရားဝင်ဖို့ ကြိုးစားနေတာကို ဖြတ်တောက်ဖို့နဲ့ နိုင်ငံတကာ ငွေကြေးနဲ့ အကူအညီတွေ စစ်ကောင်စီလက်ထဲ ရောက်နေတာတွေကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောဆိုထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013