ဖိလစ်ပိုင်သင်္ဘောမီးလောင်မှုမှာ သေဆုံးသူ ၇၆ ယောက်အထိ မြင့်တက်လာပြီး ၁၃ ယောက် ပျောက်ဆုံးနေကာ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ အတည်ပြုဖို့ သီတင်းပတ်ချီ ဒါမှမဟုတ် လချီပြီး အချိန်ကြာနိုင်တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ်နားမှာ စက်တင်ဘာ ၉ ရက်က သင်္ဘောမီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၇၆ ယောက်အထိ မြင့်တက်လာပြီး ၁၃ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ပြောပါတယ်။
ရုပ်အလောင်း ၄၁ လောင်း ထပ်တွေ့လို့ အတည်ပြုသေဆုံးသူ စုစုပေါင်းအရေအတွက်မှာ ၇၆ ယောက် ဖြစ်လာခဲ့တာလို့ PCG က ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ အရေအတွက်က ၄၃ ယောက်ပါ။
သင်္ဘောပေါ်က အလောင်းတွေ ပြန်ရှာရေးက သူတို့ရဲ့ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်ရှိနေတယ်လို့ PCG ပြောရေးဆိုခွင့်ရှိသူ ကွန်မိုဒို နိုမီ ကာယာဘယပ်က စနေနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘေးကင်းလုံခြုံမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွက် သင်္ဘောပေါ်မှာပါပြီး အသက်ရှင်ကျန်ရစ်သူ အားလုံးကို စပြီး မေးမြန်းစုံစမ်းနေပါပြီလို့ သူက ပြောပါတယ်။
MV June Aster သင်္ဘောပေါ်မှာ လူအများအပြား သေဆုံးခဲ့ရမှုက သင်္ဘောရဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်မှု အားနည်းချက်တွေကြောင့်လား ဆိုတာကို PCG က စုံစမ်းစစ်ဆေးနေပါတယ်။
တချိန်တည်းမှာ ပျောက်ဆုံးနေဆဲဖြစ်တဲ့ သင်္ဘောမာလိန်မှူး ရိုယယ် ဆာမီယန်တိုကို ရှာဖို့ ကြိုးပမ်းနေတယ်လို့ သူက ပြောခဲ့ပြီး သင်္ဘောမာလိန်မှူးရဲ့ ထွက်ဆိုချက်က စုံစမ်းစစ်ဆေးမှုအတွက် အလွန်အရေးပါလိမ့်မယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
ဖယ်ရီသင်္ဘောဟာ မနီလာမြို့ကနေ ထွက်လာခဲ့ပြီး လူကြိုက်များတဲ့ ခရီးသွားဒေသတခုဖြစ်တဲ့ ကိုရွန်မြို့နားက ရေပြင်မှာ မီးလောင်ခဲ့တာပါ။
ခရီးသည်စာရင်းအရ သင်္ဘောပေါ်မှာ ခရီးသည် ၁၁၇ ယောက်နဲ့ သင်္ဘောဝန်ထမ်း ၁၇ ယောက် အပါအဝင် လူပေါင်း ၁၃၄ ယောက် ပါတယ်လို့ ဖော်ပြထားပေမဲ့ ခရီးသည်နှစ်ယောက် သင်္ဘောပေါ် လိုက်မလာခဲ့ဘူးဆိုတာကို နောက်ပိုင်းမှာ တာဝန်ရှိသူတွေကို ပြောခဲ့ကြပါတယ်။
Source: Reuters











