Home
မြန်မာသတင်း
ပျူစောထီးခေါင်းဆောင် မင်းမင်းကို သတ်ဖြတ်ခဲ့သည့် PDF ရဲဘော် ၄ ဦးကို ထောင် ၁ နှစ်စီ ချမှတ်
DVB
·
December 6, 2024
Photo-BPDA

စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်းကို သတ်ဖြတ်ခဲ့တဲ့ PDF ရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ဒီဇင်ဘာ ၅ ရက်က ထောင်အချုပ် တနှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

နေပြည်တော် - ကံပြား လမ်းပိုင်းတနေရာက ကြက်ဝိုင်းတခုအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က စစ်တပ်လော်ဘီ မင်းမင်းနဲ့ အဖွဲ့ဝင် ၂ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ‌ရဲဘော် ၄ ယောက်ကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပြီးနောက် အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်​တယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ရဲဘော်တွေက သူတို့ရဲ့ လူမှုကွန်ရက်တွေကတဆင့် ခန္ဓာကိုယ် အစိတ်အပိုင်း ဖြတ်တောက်ထားတဲ့ ပုံတချို့ကို မဆင်မခြင်တင်ခဲ့တာရယ်၊ သူတို့ရဲ့လုပ်ရပ်ဟာ International Humanitarian Law and International Human Rights Law နဲ့ ငြိစွန်းတဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်တာပါ။ နောက်နောင် အခုလို စိတ်လိုက်မာန်ပါ မလုပ်မိဖို့ စံပြအဖြစ်နဲ့ ပထမဆုံး အရေးယူခဲ့တာပါ။”

ဒါ့အပြင် ပြစ်ဒဏ်တနှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရဲဘော် ၄ ယောက်မှာ စစ်တပ်လော်ဘီ မင်းမင်းကို သေနတ်နဲ့ ပစ်သတ်အပြီးမှာ ဦးခေါင်းကိုဖြတ်ပြီး ခြေထောက်နဲ့နင်းကာ လှောင်ပြောင်ပြောဆိုထားတာတွေကို ဗီဒီယိုမှတ်တမ်းရိုက်ကူးခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်းဟာ လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် တော်လှန်ရေးအဖွဲ့ဝင်တွေကို အပုပ်ချ ပြောဆိုတိုက်ခိုက်တာ၊ စစ်တပ်အတွက် ထောက်ခံပြောဆိုတာအပြင် လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တယောက် ဖြစ်ပြီး နေပြည်တော် အနီးတဝိုက်နဲ့ မကွေးတိုင်းအတွင်း တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ သတင်းကို စုံစမ်းပြီး စစ်တပ်ထံ သတင်းပေးခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024