
မကွေးတိုင်း၊ ရေစကြိုနယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ရွာတွေကို မီးရှိ့တာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ နီးပါး စစ်ဘေးရှောင်နေပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
ရေစကြို ခလရ ၂၅၈ တပ်က စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၁ ရက်မှာ ရေစကြိုမြို့ တောင်ဘက် ကမ္ဘဲ့ကျေးရွာကို စတင်စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တွေအတွင်းက ရွှေနဲ့တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “မနက် ၅ နာရီမှာ ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် သမန္တပို့တောရွာမှာ နေထိုင်တဲ့ ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်၊ ရေစကြိုမြို့ အနောက်တောင်ဘက် ရွာသစ်ကျေးရွာ၊ ကံသစ်ကျေးရွာနဲ့ ထန်းဆယ်ပင်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်၊ ရေစကြို ရုံးပေါင်းစုံကနေ လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်၊ စစ်ကြောင်းကလည်း အခုထိရှိနေဆဲဖြစ်လို့ အနီးတဝိုက်က ပြည်သူ ၁ သောင်းနီးပါးလောက်က နီးစပ်ရာ ကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၃ ရက်မှာ ရွာသစ်ကျေးရွာကို မီးရှို့ပြီးနောက် ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ညနေပိုင်းမှာ ကန်သစ်ကျေးရွာနဲ့ ထန်းဆယ်ပင်ကျေးရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့ပေါ်ရုံးပေါင်းစုံကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ရွှေချောင်းကျေးရွာနဲ့ ညောင်စောက်ကျေးရွာက ၁၅ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ ၄၅ နှစ်အရွယ် အမျိုးသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းကြောင့် ရေစကြိုမြို့နယ်က ရွှေချောင်း၊ ညောင်စောက်၊ ပေါက်အူ၊ ရွာသစ်၊ ပေါက်တော၊ ကဘဲ့၊ ကန်သစ်၊ ထန်းဆယ်ပင် စတဲ့ကျေးရွာ ၇ ရွာက ပြည်သူ ၁၀၀၀၀ လောက် နီးစပ်ရာကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တယောက်က “စစ်ကြောင်းက ၂၅၈ က ထွက်လာတယ်လို့ သိရတယ်။ မနက်အစောကြီး ၂ ချက်ထိုးလောက်မှာ ထွက်လာပြီးတော့ ရွာသစ်ကျေးရွာကိုဝင်တယ်၊ အဲ့မှာ ကျနော်တို့ ရဲဘော်တွေနဲ့ တနေကုန် ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ၃ ကြိမ်ပေါ့နော်။ ကံသစ်ကျေးရွာကိုကျတော့ မနက်အစောပိုင်း ထွက်လာတာဗျ၊ ကံသစ်မှာလည်း စစ်ကြောင်း တကြောင်းရှိတယ်၊ အားလုံးပေါင်း ၂ ကြောင်းလုံးပေါင်းရင် အင်အား ၁၂၀ လောက်ရှိမယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းစကနေ အခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံအနှံ့က လူနေအိမ်ပေါင်း ၁ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
သီရိ











