
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB)က ရှယ်ယာတွေ အများပြည်သူတွေကို ရောင်းချနေတာမှာ သတ်မှတ်ကာလအတွင်း ရည်မှန်းထားတဲ့အတိုင်း အမေရိကန် ဒေါ်လာ ၁၀ သန်းရရှိသွားပြီး နောက်ထပ် ၃ ရက်ထပ်တိုးလိုက်တယ်လို့ SDB ဘဏ်က ထုတ်ပြန်ထားပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ဟာ ဒုတိယအကြိမ်မြောက် အစုရှယ်ယာ ၄ ရာခိုင်နှုန်း ရောင်းချမှုကို နိုဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၅ ရက်အထိ ရောင်းချခဲ့တာမှာ အခုဆိုရင်တော့ SDB အနေနဲ့ အစုရှယ်ယာ တိုကင်ရောင်းချတဲ့ ၂၁ ရက်တာ ကာလပြည့်မြောက်သွားပြီ ဖြစ်သလို မျှော်မှန်းခဲ့တဲ့ ၁၀ သန်းကိုလည်း ရရှိသွားပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပညာအခက်အခဲကို ကျော်လွှားပြီး ပါဝင်ကြတဲ့ နိုင်ငံတကာက ပြည်သူလူထုကို လေးစားတဲ့အနေနဲ့ရော ICO 2 တိုကင်နဲ့ ပတ်သက်လို့ အကြံပြု တောင်းဆိုမှုတွေကြောင့်ပါ နွေဦးဘဏ်ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့က ရှယ်ယာဝယ်ယူခွင့်ရက်ကို ဒီဇင်ဘာ ၈ ရက်အထိ တိုးမြှင့်ပေးလိုက်ကြောင်း SDB ဘဏ်ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုမာလင်က “Spring Development Bank က တော်လှန်အင်အားပြတဲ့နေရာဖြစ်ပြီး Spring Development Bank အကောင့် တစ်သိန်းဟာ တော်လှန်ပြည်သူ အင်အားစု တစ်သိန်း ရှိတာပဲ”လို့ ပြောပါတယ်။
နွေဦးဘဏ်ရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာ ၅ ရက်အထိ ရှယ်ယာရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်း ရရှိနေတာလည်း ဖြစ်ပါတယ်။