DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများ ထွက်ပြေး၊ အာရှလမ်းအထိ KNLA နယ်မြေစိုးမိုး
DVB
·
December 5, 2024
ဖာပွန်ခရိုင်တွင် စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများ ထွက်ပြေး၊ အာရှလမ်းအထိ KNLA နယ်မြေစိုးမိုး
Donate to DVB

ဖာပွန်(မူတြော်) ခရိုင်တွင်းက ကတိုင်တိ တပ်စခန်းကို  စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

နိုဝင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဖာပွန်မြို့နယ်၊ ငှက်ပျောတောနဲ့ ထွီးသီးအုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး MA-1 ၃ လက်၊ MA-4 ၁ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။   ဆက်လက်ပြီး မာထောစခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ ၈၁ မမ လက်နက်ကြီး ၁ လက် ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာဖြစ်နိုင်တယ်လို့ ကေအန်ယူ  တပ်မဟာ ၅ (ပြောခွင့်ရ) ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“ကတိုင်တိဘက်မှာကျတော့ အောက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့  ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကြိုကြားကြိုကြား တိုက်ပွဲတွေကဖြစ်တော့ ရွာသားတွေက စစ်ရှောင်ထွက်သွားတာ ဖြစ်နိုင်တယ်။”

ဒါ့အပြင် ကမမောင်းဘက်က တက်လာတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းဟာ နိုဝင်ဘာ ၂၅ ရက် ညနေက ဘောကျိုးလယ်ရွာကတဆင့် ကတိုင်စခန်းကို ရောက်ရှိတပ်စွဲနေပါတယ်။ 

စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေတာကြောင့် ကတိုင်တိကျေးရွာ ဒေသခံပြည်သူတွေနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ရောက်ရှိခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်‌ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “ပြေးနေရတာ ဒုက္ခရောက်တယ်။ စားဖို့သောက်ဖို့ ဒုက္ခရောက်တယ်။ ကျန်းမာရေးမကောင်းသူတွေ ရှိတယ်။ ဝင်လမ်း မရှိ။ ပြေးနေလွှားနေရတော့ ဒုက္ခရောက်ကြရတယ်။ ကိုယ့်မြို့ ကိုယ်ရွာ မဟုတ်တော့ ဒုက္ခရောက်တယ်။ နေရထိုင်ရတာလည်း အဆင်မပြေဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက် မနက် ၈ နာရီလောက်က ဖာပွန်(မူတြော်)ခရိုင်က စစ်ကောင်စီရဲ့ ခမရ- ၄၀၄၊ ခမရ-၄၀၇၊ ခမရ-၄၀၈ တို့ ပူးပေါင်းတပ်စွဲနေတဲ့ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။ 

ဒါ့အပြင် မထောစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို ထပ်မံကြားဖြတ် တိုက်ခိုက်ရာမှာ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အာရှလမ်းနားအထိ KNLA ပူးပေါင်းစစ်ကြောင်းတွေ နယ်မြေစိုးမိုးနိုင်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ 

အာရှလမ်းနဲ့ မြဝတီမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေတဲ့ကြားက KNLA ပူးပေါင်းစစ်ကြောင်းတွေက နယ်မြေတချို့ကို ပြန်လည်စိုးမိုးရယူနိုင်ခဲ့ပါတယ်။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “မနေ့တုန်းက တိုက်ပွဲတွေဖြစ်တယ်။ စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ မရပ်မနားပစ်တယ်။ နည်းနည်းအင်အားပြန်တိုးလာတယ်။ ဒီတကြောမှာတော့ အောင်ဇေယျကို မလှုပ်နိုင်အောင် နွှာနေတယ်။ ရွာသစ်ကုန်းကို စိုးမိုးထားနိုင်ပြီ။ အဲဒီကနေပြီတော့ အာရှလမ်းအထိ ကျနော်တို့ ရောက်သွားပြီ။”

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ အမြောက်ကုန်း၊ လှိုင်းဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးပစ်ကူ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ကော့ကရိတ်မြို့တွင်းနဲ့ အနီးအနားက ရေကျော်ကြီးကျေးရွာအတွင်း ကျရောက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာ၊ နေအိမ်တွေ ပျက်စီးတာတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်ဘက်က မဲမဲမြင်တိုင်း လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ပြည်သူကို ပစ်သလိုဖြစ်ပြီး ပြည်သူတွေပဲ ဒုက္ခရောက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်တော့ စကစဘက်ကလာတဲ့ လက်နက်ကြီးတွေပဲ ပစ်တာ။ ပြည်သူကို ထိတာ များတယ်။ အများဆုံးက လက်နက်ကြီးပဲ။ သူတို့(စစ်ကောင်စီ)က တိုက်ပွဲဖြစ်တာ မဖြစ်တာထက် အသံကြားရင် လက်နက်ကြီးကုန်းက အရင်ထုတာပဲ။ အနီးအနားက ရွာတွေကလည်း ရန်သူမရှိဘူး။ သူတို့က ရန်သူမပစ်ဘဲ ပြည်သူ ပစ်သလို ဖြစ်နေတာပေါ့။ စကစ က ပစ်ပြီးဆိုရင် မဲမဲမြင်တိုင်း ပစ်တော့ ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်နေ့က စတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ခတ်နေတာကြောင့် မြို့တွင်းနဲ့ အနီးအနား ကျေးရွာက ပြည်သူတွေ ပြန်လည်ထွက်ခွာပြီး စစ်ရှောင်တာတွေ ရှိနေပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013