
ဂီနီနိုင်ငံ အရှေ့တောင်ပိုင်း ဒုတိယမြို့တော် နဇဲရဲကိုရယ်ရှိ ဘောလုံးကွင်းတခုမှာ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၃၅ ယောက် သေဆုံးသွားပြီး ဒါဟာ တရားဝင် သေဆုံးသူအရေအတွက်ထက် ၂ ဆ ပိုများကြောင်း ပြည်တွင်းလူ့အခွင့်အရေးအဖွဲ့က ဒီဇင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။
နဇဲရဲကိုရယ် လူ့အခွင့်အရေး စုပေါင်းအဖွဲ့က သေဆုံးမှု ခန့်မှန်းချက်ဟာ ဆေးရုံတွေ၊ သုသာန်တွေနဲ့ မိသားစုတွေဆီက စာရင်းတွေကို အခြေခံတယ်လို့ ဆိုပါတယ်။
၁၃၅ ယောက် သေဆုံးခဲ့တဲ့ထဲမှာ အများစုဟာ အသက် ၁၈ နှစ်အောက် ကလေးတွေလို့ ခန့်မှန်းရကြောင်း အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီကြေကွဲစရာဖြစ်ရပ်ဟာ ဒီဇင်ဘာ ၁ ရက်က နဇဲရဲကိုရယ်မြို့မှာ ယှဉ်ပြိုင်ကစားကြတဲ့ လတ်ဘေအသင်းနဲ့ နဇဲရဲကိုရယ် အသင်းတွေအကြား နောက်ဆုံးပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။
ဒိုင်လူကြီးတွေရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ကြောင့် ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့ရပြီး လူပြည့်ကျပ်နေတဲ့ ကစားကွင်းထဲမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒိုင်လူကြီးက လတ်ဘေအသင်းက ကစားသမားတယောက်ကို အနီကတ်ပြခဲ့ပြီး နောက်ပိုင်း ပြဿနာတွေ ဖြစ်လာတော့ နောက်ထပ် ကစားသမားတယောက်လည်း လာကန့်ကွက်ခဲ့ပြီး ဒုတိယအနီကတ်လည်း ပြခံခဲ့ရကြောင်း၊ နောက်ပိုင်း အဝါကတ်တွေပါ ပြခံလာရကြောင်း မျက်မြင်သက်သေတယောက်လည်းဖြစ်တဲ့ ဂျာနယ်လစ် မိုဟာမက် ဘာရီက ပြောပါတယ်။
ပွဲကြည့်စင်မှာ ဝန်ကြီးတွေလည်း လာကြည့်နေကြတာဖြစ်ပြီး သူတို့ကလည်း ကြားဝင်ပြောဆိုခဲ့ကြတော့ အနီကတ်တွေအားလုံးကို ပြန်ရုပ်သိမ်းသွားတယ်လို့ ဆိုပါတယ်။
အားကစားကွင်းအတွင်းက ပွဲကြည့်စင်တွေအောက်ကနေ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတော့ ရဲတွေကလည်း အဲဒီမှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူစုလူဝေး ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ထွက်ပေါက်က လူတွေ ပြည့်နေပြီး အဝင်အထွက် လုပ်ဖို့ လမ်း မရှိတော့ကြောင်းနဲ့ လူအုပ်ထဲမှာ တွန်းကြထိုးကြရင်း ကလေးတွေ၊ အမျိုးသမီးတွေနဲ့ လူကြီးတွေ ပိတ်မိသွားပြီး အတော်များများ ကျပ်ညပ် လဲကျကုန်ကြတာ လို့လည်း ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးတွေကို အလွန်အကျွံသုံးပြီး ထွက်ပေါက်တွေကို ပိတ်ဆို့ခဲ့တယ်လို့ နဇဲရဲကိုရယ် လူ့အခွင့်အရေး စုပေါင်းအဖွဲ့က စွပ်စွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပြိုင်ပွဲစီစဉ်သူတွေနဲ့ ဒီပွဲကို ထောက်ခံတဲ့ ဂီနီ အာဏာရ စစ်အစိုးရတို့ကို ဝေဖန်ပြစ်တင်နေကြပါတယ်။
Source: Reuters











