
မက္ကဆီကိုနိုင်ငံ ဆီနာလိုအာပြည်နယ် မာဇာတ်လန်မြို့က အယ်လ်ကက်စ်တီလို အကျဉ်းထောင်မှာ အောက်တိုဘာ ၈ ရက်က ထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့ရာမှာ အကျဉ်းသား ၉ ယောက်နဲ့ အကျဉ်းထောင်ကိုလာတဲ့ ကလေးဧည့်သည်တယောက် စုစုပေါင်း ၁၀ ယောက် သေဆုံးသွားပြီး အကျဉ်းသား ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်လုံခြုံရေးရုံးနဲ့ ပြည်သူ့လုံခြုံရေးအတွင်းဝန် ဆီနူဟေး တဲလက်စ်တို့က ပြောပါတယ်။
အဲဒီဖြစ်ရပ်အပြီး ထောင်ပြင်ပမှာ အကျဉ်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေကို တွေ့မြင်ခဲ့ရပြီး ဒဏ်ရာရသွားတဲ့ အကျဉ်းသား ၁၆ ယောက်ကိုလည်း ဆေးဝါးကုသမှုခံယူဖို့ ချက်ချင်း ပြောင်းရွှေ့ပေးခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်ရှင်းလင်းခဲ့တာကြောင့် အခုအခါ အကျဉ်းထောင်ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ပြီး အာဏာပိုင်တွေက အဲဒီနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို လူမှုရေးလုပ်ငန်းဝန်ထမ်းတွေက ဆက်သွယ်ဆောင်ရွက်နေကြပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထောင်ဝင်စာတွေ့တာတွေကို ခေတ္တရပ်ဆိုင်းထားသလို ကျန်ရှိနေတဲ့ အကျဉ်းသားတွေ အားလုံးလည်း လုံခြုံမှုရှိတယ်လို့ ဆိုပါတယ်။
အခုလိုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ဒီအကြမ်းဖက်မှုဟာ ဆီနာလိုအာပြည်နယ်အတွင်း လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းတွေရဲ့ ပဋိပက္ခနဲ့ ပတ်သက်မှု ရှိ၊ မရှိ ကိုတော့ တာဝန်ရှိသူတွေက တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ ရှေ့နေချုပ်ရုံးက ဆက်လက်စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဆီနာလိုအာပြည်နယ်ဟာ မူးယစ်ဂိုဏ်းတွေ အချင်းချင်း စစ်ခင်းရာ တိုက်ပွဲနယ်မြေတခုဖြစ်ပြီး လုံခြုံရေး စိုးရိမ်ရတဲ့အတွက် အမေရိကန်နိုင်ငံသားတွေကို မသွားရောက်ဖို့ သတိပေးခံထားရတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။
Source: Reuters











