
အီကွေဒေါနိုင်ငံက အကျဉ်းထောင် ၂ ခုမှာ အောက်တိုဘာ ၂၂ ရက်က ဖြစ်ခဲ့တဲ့ ဆူပူအုံကြွမှုတွေအတွင်း အကျဉ်းသား ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံရဲ့ အကျဉ်းထောင်ဆိုင်ရာ အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကီတိုမြို့မြောက်ပိုင်းက တရားရင်ဆိုင်ဆဲ အကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ နေရာတခုနဲ့ အန်ဒီးစ်တောင်တန်းဒေသ အလယ်ပိုင်းက လာတာကွန်ဂါမြို့က အကျဉ်းထောင်တခုတို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်လို့ အမျိုးသား အကျဉ်းသားများ စောင့်ရှောက်ရေးဌာန (SNAI) က ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
အကျဉ်းထောင် ၂ ခုစလုံးမှာ အကျဉ်းသား ၄ ယောက်စီ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးကုပေးထားတယ်လို့ SNAI က ပြောပါတယ်။
ဆူပူအုံကြွမှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မဖော်ပြထားပေမဲ့ ကျူးလွန်တယ်လို့ သံသယရှိသူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး သူတို့ကို ကမ်းရိုးတန်းဒေသက ဆန်တာ အယ်လီနာ ပြည်နယ်မှာရှိတဲ့ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တခုဆီ ရွှေ့သွားမယ်လို့ ဌာနက ဆိုပါတယ်။
ကီတိုမြို့က အကျဉ်းထောင်အပြင်ဘက်မှာ လူနာတင်ယာဉ်တွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ ယာဉ်တွေ ရောက်ရှိ စောင့်ဆိုင်းနေကြပြီး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကလည်း သတင်းအချက်အလက်တွေကို သိရဖို့ စောင့်ဆိုင်းနေကြပါတယ်။ အဲဒီနေရာတဝိုက်ကို စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေက ဝိုင်းရံပိတ်ဆို့ထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အီကွေဒေါနိုင်ငံက ထောင်တွေမှာ အကျဉ်းသားအချင်းချင်း သွေးထွက်သံယို ဖြစ်တဲ့အထိ ပဋိပက္ခတွေ မကြာမကြာ ဖြစ်ခဲ့ပါတယ်။
ဒီပဋိပက္ခတွေက အကျဉ်းထောင်ထဲနဲ့ ထောင်အပြင်ဘက်တို့မှာ နယ်မြေစိုးမိုးရေးအတွက် ဂိုဏ်းအဖွဲ့တွေကြား ဖြစ်ကြတဲ့ အငြင်းပွားမှုတွေကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
Source: Reuters











