
အီကွေဒေါနိုင်ငံ၊ ဂါလာပါဂိုးစ်ကျွန်းစုထဲက ဆန်တာကရုဇ်ကျွန်းမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လူ ၃,၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရပြီးနောက် အစိုးရက လေကြောင်းကနေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပို့ဆောင်ပေးခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက် ကတည်းက စတင်ရွာသွန်းခဲ့တဲ့ ဒီမိုးကြောင့် လမ်းတွေရေလျှံခဲ့ပြီး နေအိမ်တွေမှာ မနေထိုင်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသလို မိသားစုတွေလည်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပါတယ်။
အမျိုးသား အန္တရာယ်စီမံခန့်ခွဲရေး အတွင်းရေးမှူး ကာရိုလီနာ လိုဇာနို ကတော့ ဆန်တာကရုဇ်ကျွန်းမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရတာနဲ့ တပြိုင်နက် ပထမဆုံးမိနစ်ကတည်းက ဂွါယာကီးလ် လေတပ်စခန်းကို ချက်ချင်းရောက်ရှိခဲ့ပြီး နိုင်ငံတော်အစိုးရ ဝန်ကြီးဌာနတွေအပြင် မီးသတ်ဌာနတွေ၊ စစ်တပ်တို့နဲ့ ချိတ်ဆက်ကာ အမြန်ဆုံး လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်လို့ သောကြာနေ့မှာ ပြောပါတယ်။
ဆေးဝါးတွေ၊ ရှေးဦးသူနာပြုနဲ့ အိပ်ရာသုံးပစ္စည်းတွေ၊ ရေစုပ်စက်တွေနဲ့ အဝတ်အထည်တွေ ပါဝင်တဲ့ အကူအညီပစ္စည်း ၁၀ တန်လောက် တင်ဆောင်ထားတဲ့ ပထမဆုံး ထောက်ပံ့ရေးလေယာဉ်လည်း အဲဒီကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း ကျွန်းသုံးကျွန်းပေါ်က ကမ်းခြေနဲ့ ခရီးသွားလာစရာ နေရာ ၉ ခုကို သွားလာခွင့် ကန့်သတ်ခဲ့ပြီး ဂါလာပါဂိုးစ် အမျိုးသားဥယျာဉ်ဘက်က ကန့်သတ်ထားတဲ့ နေရာ ၆ ခုနဲ့ ပေါင်းလိုက်ရင် အခုဆိုရင် သွားလာခွင့် ကန့်သတ်ခံထားရတဲ့နေရာ ပိုများလာပါတယ်။
အမျိုးသား အန္တရာယ်စီမံခန့်ခွဲရေး အတွင်းရေးမှူးရုံးရဲ့ စာရင်းဇယားတွေအရ ဆန်တာကရုဇ်ကျွန်းမှာ ထိခိုက်ခံစားခဲ့ရသူ အယောက် ၃,၁၂၀ ရှိတယ်လို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
မီးတောင်ကျွန်းစုနဲ့ ဇီဝနယ်မြေ အစောင့်အရှောက်တခုဖြစ်တဲ့ ဂါလာပါဂိုးစ်မှာ ကျွန်းလေးကျွန်းပေါ် ပြန့်ကျဲနေထိုင်ကြတဲ့ ဒေသခံ လူဦးရေ ၂၈,၅၀၀ လောက် ရှိပါတယ်။
Source: Reuters











