DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၁ ခုကို CNF/CNA သိမ်းပိုက်၊ ချင်းတော်လှန်ရေးတပ်သို့ လူငယ်တပ်သားသစ်များ ဝင်ရောက်
DVB
·
December 5, 2024
စစ်ကောင်စီတပ်စခန်း ၁ ခုကို CNF/CNA သိမ်းပိုက်၊ ချင်းတော်လှန်ရေးတပ်သို့ လူငယ်တပ်သားသစ်များ ဝင်ရောက်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတခုကို ချင်းပြည်အစိုးရတပ်တွေ ဖြစ်ကြတဲ့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) က ဒီဇင်ဘာ ၄ ရက် ညနေမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြန်ကြားရေးတာဝန်ခံက “အဲဒီမြို့ ၂ မြို့ကြားက စစ်ရေးအရ အရေးပါတဲ့ C3 တပ်စခန်းကုန်း ညနေ ၄ နာရီလောက်မှာ အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်တာပါ” လို့ ပြောပါတယ်။

သိမ်းပိုက်ရရှိတဲ့ C3 တပ်စခန်းကုန်းကနေ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ရာ သီမြစ်စခန်းကနေလည်း သေနတ် ၂ လက် အပါအဝင် လက်နက်ခဲယမ်းတချို့ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းတလွန်သဲက “C3 စခန်းက ဟားခါးနဲ့ ထန်တလန်ကြားက သူတို့ခြေကုပ်ယူထားတဲ့ စခန်းတခုဖြစ်တယ်။ အဲဒီစခန်းကို ကျနော်တို့တပ်ဖွဲ့တွေ လူအင်အားနဲ့ဝင်စီးတယ်။ ဝင်မစီးခင်မှာ ဒရုန်းတွေနဲ့ အဆင်ပြေသလို ဗုံးအရင်ကြဲတယ်။ ဗုံးကြဲတဲ့အခါမှာ သူတို့ဘက်က အထိနာလို့ တပ်ဆုတ်ခွာသွားကြတာပါ။ ကျနော်တို့ဘက်က စခန်းကိုဝင်စီးတဲ့အချိန်မှာ သူတို့ တယောက်မှ မရှိတော့ဘူး။ လက်နက်ခဲယမ်းတွေ သိမ်းမိတယ်လို့တော့ သိရတယ်။ အတိအကျ စာရင်းမရောက်သေးပါဘူး” လို့ DVB ကို ပြောပါတယ်။

အဆိုပါ C3 တပ်စခန်းကုန်းမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Auto တောင်ကုန်းစခန်းဘက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဆီကို သွားရောက် ပူးပေါင်းကြတယ်လို့လည်း သိရပါတယ်။

ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ C3 စခန်းကုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဖော်ဆောင်ခဲ့တဲ့ Tilim Operation 4 စစ်ဆင်ရေးမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပေမဲ့ အောက်တိုဘာလလယ်ပိုင်းမှာ ပြန်လည်လက်လွှတ်ခဲ့ရပြီး အခု ပြန်လည်သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၂၂ ရက်ကစလို့ Jericho အမည်နဲ့ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ပြီး ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ရေးအရ အရေးပါလှတဲ့ ပွိုင့် ၃၊ Ruavazung၊ Umpu puaknak၊ Nunthluak bo နဲ့ Timit တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ချင်းပြည်ကောင်စီအစိုးရတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလို တဖက်မှာလည်း ချင်းအမျိုးသားတပ်မတော် (CNA) ကလည်း တပ်သားသစ်လူငယ်တွေအတွက် အခြေခံ စစ်ပညာသင်တန်းတွေ ဖွင့်လှစ်နေပါတယ်။

ချင်းပြည်နယ်က လူငယ်တွေကလည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ နီးစပ်ရာ ချင်းပြည်ကာကွယ်ရေးတပ် (CDF) နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ဆီမှာ ပူးပေါင်းပါဝင်လာကြပြီး စစ်ပညာတွေသင်ယူနေကြပါတယ်။ 

အာဏာသိမ်းကာလ ၄ နှစ်နီးပါးကြာမြင့်လာပြီးတဲ့နောက် ချင်းပြည်နယ်မှာ စစ်အာဏာရှင်တွေဟာ ပြည်သူတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို မြင်လာရတဲ့အခါ အရင်က နိုင်ငံ‌ရေးကို စိတ်မဝင်စားကြတဲ့ ချင်းလူငယ်တွေဟာ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်လာခဲ့တဲ့ လူငယ်တွေက ပြောပါတယ်။

ချင်းလူငယ်တွေစုပေါင်းအားနဲ့ အမျိုးသားရေးကို ဦးထိပ်ပန်ပြီး အာဏာရှင်ကိုတိုက်ထုတ်တဲ့ စစ်ပွဲအောင်မြင်မှသာ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိနိုင်မယ်ဆိုပြီး လူငယ်တွေက ယုံကြည်နေကြတယ်လို့ CNA ဒုဗိုလ်ထန်းလွန်းက ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေဟာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် မရတော့သလို ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး လူငယ်တွေအနေနဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ဘဝရှေ့ရေးတွေလည်း ပိတ်ပင်ခံရတယ်လို့ ချင်းလူငယ်တွေက‌ ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်တဲ့ တော်လှန်ရေးအောင်မြင်ပြီးမှသာ အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မယ်လို့လည်း CNA ဒုဗိုလ်ထန်းလွန်းက ပြောပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာကနေ နိုဝင်ဘာ ၉ ရက်အထိ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၅၄ ကို ဌာနချုပ် Victoria Base မှာ ဖွင့်လှစ်နိုင်ခဲ့သလို အဲဒီ သင်တန်းကို ပလက်ဝ၊ စီးယင်း၊ တွန်းဇံ၊ ဟားခါး၊ ထန်တလန် နဲ့ ကလေးဒေသတွေက လူငယ်အင်အား ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013