DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီစခန်းငယ် ၃ ကို CNF/CNA သိမ်းပိုက်၊ တပ်ရင်းမှူး ၂ ဦး အပါအဝင် အများအပြား သေဆုံး
DVB
·
December 1, 2024
စစ်ကောင်စီစခန်းငယ် ၃ ကို CNF/CNA သိမ်းပိုက်၊ တပ်ရင်းမှူး ၂ ဦး အပါအဝင် အများအပြား သေဆုံး
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းငယ် ၃ ခုကို ချင်းပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ၂ ယောက်နဲ့ အရာရှိတွေအပါအဝင် အများအပြားသေဆုံးတယ်လို့ CNF/CNA ရဲ့ တာဝန်ခံတယောက်က ပါတယ်။

“ဟားခါးနဲ့ထန်တလန်ကြားက စစ်ကောင်စီရဲ့တပ်စခန်းငယ် ၃ ခုကို သိမ်းပိုက်နိုင်တာခဲ့တာပါ။ တိုက်ပွဲကာလ တပတ်အတွင်းမှာ သူတို့ဘက်က တပ်ရင်းမှူး ၂ ဦးနဲ့ အရာရှိ ၄ ဦးအပြင် ၃၀ နီးပါးသေတယ်။ လက်နက်ခဲယမ်းအများအပြားလည်း ရပါတယ်။”

ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ ဟားခါးနဲ့ထန်တလန်ကြားက စစ်ကောင်စီရဲ့တပ်စခန်းတွေကို နိုဝင်ဘာ ၂၂ ရက်ကနေ စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်စခန်းငယ် ၃ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဆလိုင်းထက်နီက “တိုက်ပွဲစတဲ့အချိန်ကနေ ဒီနေ့အထိ သူတို့တပ်စခန်းငယ် ၃ ခုကို ရတယ်ပေါ့။ တိုက်ပွဲတွေထဲမှာ ခလရ ၂၂၂ တပ်ရင်းမှူး၊ ခလရ ၂၆၆ တပ်ရင်းမှူးနဲ့ အရာရှိတွေ ၄ ယောက်လောက်ကျသွားတော့ သူတို့ဘက်က အတော်လေး အထိနာတယ်။ ခလရ ၂၆၆ တပ်ရင်းမှူးက ၂၃ ရက်နေ့တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရသွားလို့ ဆေးကုနေတာ အခုနောက်ဆုံးသတင်းအရကတော့ သေသွားပြီလို့ သိရတာပေါ့နော်။ သိမ်းမိတဲ့စခန်း ၃ လုံးကနေ သူတို့ဘက်က ၂၀ ကျော် ၃၀ နီးပါးသေတယ်။ ဒဏ်ရာရတဲ့ ၂၀ နီးပါးကိုလည်း အရှင်မိထားပါတယ်” လို့ DVB ကို ပြောပါတယ်။

သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုကနေ လက်နက်အလက် ၅၀ ကျော်၊ ကျည်ဆန် ၅၀၀၀ ကျော်၊ ဒရုန်းတွေအပြင် Jummer တွေနဲ့ အခြားစစ်အသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ဒဏ်ရာရရှိပြီး အရှင်ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေပြီး စစ်သုံ့ပန်း ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၉ ယောက် ထိခိုက်ဒဏ်ရာရှိသလို အဲဒီထဲက ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ယောက်လည်း တိုက်ပွဲအတွင်းကျဆုံးသွားခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဆီကနေသိရပါတယ်။

တိုက်ပွဲတွေအတွင်း မြေပြင်မှာထိခိုက်သေဆုံးမှုများနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို နေ့စဥ် ၃ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း စစ်ရေးအတွက် အရေးပါတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက ပွိုင့်သရီးစစ်ကောင်စီတပ် အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါစစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013