DVB Logo
Home
မြန်မာသတင်း
ဆန်ရည်ညွှန်ဈေးအတိုင်းမရောင်းပါက အရေးယူမည်ဟု ဆန်စပါးအသင်းချုပ် သတိပေး
DVB
·
December 4, 2024
ဆန်ရည်ညွှန်ဈေးအတိုင်းမရောင်းပါက အရေးယူမည်ဟု ဆန်စပါးအသင်းချုပ် သတိပေး
Donate to DVB

ပြည်တွင်းစားဆန်တွေ သဘာဝဘေးကြောင့် အထွက်နှုန်းထိခိုက်လို့ ဈေးတက်တယ်ဆိုတဲ့ သတင်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ငြင်းဆိုလိုက်ပြီး ဆန်ဆိုင်တွေနဲ့ ဆန်လုပ်ငန်းရှင်တွေကိုလည်း  ရည်ညွှန်းဈေးအတိုင်း ဆန်မရောင်းချရင် အရေးယူခံရမယ်လို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြည်တွင်းစား ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စတဲ့ ဆန်အမျိုးအစားတွေဟာ ပြည်ပတင်ပို့မှု လုံးဝမရှိဘဲ ပြည်တွင်းမှာသာ ပစ္စည်းမှန်၊ ဈေးမှန် အရောင်းအဝယ် ပြုလုပ်ကြတာဖြစ်လို့ Export ပို့လို့ ဆန် ဈေးတက်တယ်ဆိုတဲ့ သတင်းစကားတွေကလည်း မဟုတ်မှန်ကြောင်း၊ ဆန်ဈေးကစားချင်တဲ့ ကုန်သည်တွေရဲ့ သတင်းအမှား ထုတ်လွှင့်မူသာ ဖြစ်တယ်လို့  အသင်းချုပ်က ဆိုထားပါတယ်။

လက်ရှိ ဆန်ဈေးကွက်ထဲမှာ ရည်ညွှန်းဈေးထက် ဈေးမြှင့် ရောင်းချတာတွေ တွေ့နေရပြီး စပါးအသစ်ပေါ်ချိန်မှာ  ဆန်ဈေးမြှင့်တင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မူတွေကိုလည်း ကြားသိနေရတယ်လို့ အသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို နှစ်စဉ်ဆန်တန်ချိန် ၂ သန်းခွဲ တင်ပို့ဖို့ ရည်မှန်းထားပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာလကုန်အထိ ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ဒသမ၆၉ သန်း တင်ဖို့ထားပြီး အမေရိကန်ဒေါ်လာ ၈၀၄ သန်း ရရှိထားပါတယ်။

အဲဒီလို ပြည်ပကို ဆန်တင်ပို့ရာမှာ ဆန်တတန် တင်ပို့တိုင်း ပြည်တွင်း စားသုံးမှုအတွက် အရန်ဆန်အနေနဲ့ ဆန်တအိတ်နှုန်းချန်ထားတာကြောင့် ဆန်အိတ်ရေ ၈ သိန်းဝန်ကျင်ကို အရန်ဆန်အဖြစ် ထားရှိတယ်လို့လည်း ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မကြာသေးခင်က မီဒီယာတွေကို ပြောဆိုထားပါတယ်။

ဒါကြောင့် ဆန်ကို  သိုလှောင် ဈေးကစားမူ မပြုလုပ်ဖို့၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်သတ်မှတ်ထုတ်ပြန်ပေးတဲ့ ရည်ညွှန်းဈေးတွေအတိုင်း အရောင်းအဝယ်ပြုလုပ်ဖို့နဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ အရည်အသွေး မမှန်မကန် ပြုလုပ်ရောင်းချတာတွေ မလုပ်ဖို့ အသင်းချုပ်က တိုက်တွန်းထားပြီး လိုက်နာဆောင်ရွက်မှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ တရားစွဲဆိုတာ၊ ဒဏ်ငွေနဲ့  အခွန်ငွေ သတ်မှတ်ပေးဆောင်စေတာ စတဲ့ အရေးယူမှုတွေ ခံရနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ  သတိပေးထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စံချိန်တင် မြင့်မားနေတဲ့ ပြည်တွင်းဆန်ဈေးတွေကို ထိန်းချုပ်ဖို့နဲ့ ဆန်စျေးနူန်းတည်ငြိမ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဆန်အမျိုးအစားလိုက် ရည်ညွှန်းစျေးတွေကို စစ်ကောင်စီ လက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာနက  လစဉ်သတ်မှတ်ထုတ်ပြန်ပေးနေတာပါ။

ဒီလို သတ်မှတ်ပေးထားပေမဲ့  အများစုက ရည်ညွှန်းဈေးနဲ့ ဝယ်ယူလို့ မရကြတဲ့အပြင် ဆန်ပြင်ပပေါက်ဈေးတွေကလည်း ပိုမြင့်တက်လာပါတယ်။

“ရည်ညွှန်းဈေးနဲ့က အရင်ဝယ်လို့ရသေးတယ်။ အခုနောက်ပိုင်း ဝယ်မရတော့ဘူး။  အပြင်ဈေးတွေကလည်း ပြန်မကျဘူး ခေါင်ခိုက်လို့၊ စားလို့ ဘယ်လိုမှ အဆင်မပြေတဲ့ ဆန်တွေတောင်  တစ်အိတ်ကို တစ်သိန်းနားကပ်နေတာ” လို့ တောင်ဥက္ကလာမြို့နယ်နေ အိမ်ရှင်မ တယောက်က ပြောပါတယ်။

ဆန်အသင်းကသတ်မှတ်ထားတဲ့ နိုဝင်ဘာလအတွက် ရည်ညွှန်းဆန်စျေးကတော့ ရွှေဘိုပေါ်ဆန်းမွှေးကို  ၁၄၅၀၀၀ ကနေ  ၁၅၀၀၀၀ ကျပ်၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်‌တွေကို  ၁၃၃၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု ဧရာဝတီပေါ်ဆန်းဆိုရင် ၁၂၀၀၀၀ ကနေ ၁၂၅၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု ခွံနီနဲ့ပေါ်ကျွဲက ၁၁၀၀၀၀ ကျပ်ဖြစ်ပါတယ်။

ပြည်ပတင်ပို့မူလည်း ရှိသလို ပြည်တွင်းစားသုံးမူလည်းရှိတဲ့ ဇီယာ၊ငွေတိုး၊ နှံကောက်တို့လို့ ဆန်တွေကိုတော့ ၈၅၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင်တော့ ဒီသတ်မှတ်ဈေးတွေက ကွာခြားမှု ရှိနေပါတယ်။ ဥပမာအားဖြင့် ရွှေဘိုပေါ်ဆန်း ထိပ်ဆုံးစ တအိတ်ဟာ ဈေးကွက်မှာ ၂၁၆,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပေမဲ့ အသင်းချုပ်ကတော့ ၁၄၅,၀၀၀-၁၅၀,၀၀၀ ကျပ်သာ သတ်မှတ်ထားပါတယ်။

စစ်ကောင်စီက‌ သတ်မှတ်ဆန်ရည်ညွှန်းစျေးထက် ပိုပြီးရောင်းချတဲ့ ဆန်လုပ်ငန်းရှင်တွေ၊ ကုန်သည်နဲ့ ပွဲရုံတွေကို စောင့်ကြည့် စစ်ဆေး အရေးယူတာတွေ လုပ်နေပေမဲ့လည်း ပြင်ပ ဈေးကွက်မှာ  ဆန်ဈေးက မကျတဲ့အပြင်  ဆက်လက် ဈေးမြင့်နေတာပါ။

ပြီးခဲ့တဲ့ ဇွန်လပိုင်းကတော့ ဆန်ကိုသတ်မှတ်နှုန်းထက် ပိုရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ City Mart စီအီးအို အပါအဝင် လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013