
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ဒယူးအင်ကြင်းကုန်းကျေးရွာ လူနေအိမ်တွေအနီး ရွှေသန့်စင်တဲ့ လုပ်ငန်းကနေ အနံ့ဆိုးတွေ ထွက်နေတာကြောင့် အနီးအနားမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေ အပါအဝင် ဒေသခံတွေဟာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ကျေးရွာအတွင်း လူနေအိမ်တွေကြား ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တခုက ရွှေသန့်စင်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေတဲ့အတွက် အနံ့ဆိုးတွေရဲ့ ဒဏ်ကို ခံစားနေရပြီး ရင်ကြပ်ရောဂါရှိသူဖြစ်တဲ့အတွက် အခက်တွေ့နေရတယ်လို့ ဒယူအင်ကြင်းကုန်းကျေးရွာက ဒေသခံတယောက်ကတော့ ပြောပါတယ်။
“ရွှေလှော်တဲ့ အနံ့တွေက နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ နေ့တိုင်းအနံ့ရနေတာ တနေ့ တကြိမ်ပဲကို အနံ့ က တော်တော်ကြာတယ်ဗျ။ အငွေ့က မထွက်ဘူး၊ ရေထဲဖြတ်ထုတ်တဲ့ စနစ်သုံးထားပေမဲ့ အဆိပ်အနံ့ဆိုးတွေ ပတ်ဝန်းကျင်ကို အပြင်းအထန် ပျံ့နှံ့ဆဲပဲဗျ။ ကျနော်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရင်ကျပ်ရောဂါရှိတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေ ဖြစ်တယ်ဗျ။”
ဒီ ရွှေသန့်စင်တဲ့လုပ်ငန်း လုပ်ကိုင်နေတာဟာ ၂ နှစ်နီးပါးရှိပြီဖြစ်သလို အနံ့ဆိုးတွေကို မခံနိုင်တော့လို့ သက်ဆိုင်ရာ ရွာလူကြီးတွေကို တိုင်ကြားထားပေမဲ့ တိုင်ကြားပြီး ၂ လနီးပါးလောက်ပဲ လူသူကင်းဝေးတဲ့ နေရာမှာ လုပ်ငန်း ပြောင်းလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လက စပြီး လုပ်ငန်းပြန်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေသန့်စင်ခြင်းလုပ်ငန်းမှာ ရွှေထဲက တခြားသတ္တုစပ်တွေကို ခွဲထုတ်တဲ့အခါ နိုက်ထရစ် အက်စစ်လို အက်စစ်ပြင်းတွေ အသုံးပြုရလေ့ရှိပြီး အန္တရာယ်ရှိတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်လို ဓာတ်ငွေ့တွေလည်း ထွက်ပါတယ်။
ဒယူးအင်ကြင်းကုန်းကျေးရွာ ဒေသခံက “ဒေသခံ ရွာသားအချို့ဟာ အနံ့ဆိုးကို ရရှိနေကြပေမဲ့ ဒီရွှေလှော်တဲ့ အဆိပ်ငွေ့ဟာ ရေရှည်မှာ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်တဲ့ လေထုညစ်ညမ်းမှု၊ ကျန်းမာရေး အန္တရာယ်ရှိမှန်း သေချာ အသိပညာ မရှိကြပါဘူးခင်ဗျာ။ ဒါကြောင့် သာမန် မီးခိုးအနံ့လို့ပဲ ထင်မှတ်နေကြပြီး အန္တရာယ်မှန်း မသိကြတာကြောင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူများအနေနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုကို အမြန်ဆုံး ကွင်းဆင်း စစ်ဆေး တားဆီးပေးဖို့ ထပ်မံ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ပြောပါတယ်။
ဒေသခံတွေဟာ ဒီအနံ့ဆိုးတွေကို မခံစားနိုင်တော့တာကြောင့် စက်တင်ဘာ ၁၃ ရက်နေ့မှာ စုပေါင်းလက်မှတ်ထိုးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ တိုင်စာပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဗန်းမောက်မြို့နယ် ဒယူးအင်ကြင်းကုန်းရွာဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စိုးမိုးထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။











