
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အေးကျွန်းရွာကို စစ်တပ်က ဩဂုတ် ၁၅ ရက် ညနေပိုင်းမှာ ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့သလို ဒေသခံပြည်သူတွေနဲ့ လယ်ယာလုပ်ငန်းသုံး နွားတွေကိုပါ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ဩဂုတ် ၁၄ ရက် မနက်ပိုင်းက ဧရာဝတီမြစ်အတိုင်း ဖလပ်ခွံသင်္ဘောတွေနဲ့ ဆန်တက်လာတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ မတ္တရာမြို့နယ်အနောက်တောင်ခြမ်း ကုန်းတန်းကြီးရွာမှာ သူတို့ ညအိပ်ပြီး ဒီနေ့ အထက်ကိုဆန်တက်လာပြီး မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာ၊ ဒေါင်းကျွန်းရွာတို့ကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူခဲ့ပြီးတော့ ကျနော်တို့ အေးကျွန်းရွာထဲကို ပစ်ခတ်ဝင်ရောက်ခဲ့တာ။ အဲဒီလိုဝင်ရောက်ပြီး ပြည်သူပိုင် လူနေအိမ် ၂ လုံးကို စပြီးမီးရှို့တယ်။ ရွာက ရွာသူရွာသားတချို့လည်း ဖမ်းဆီးသွားသလို လယ်ယာသုံး ခိုင်းနွားများလည်း ဖမ်းဆီးပြီး ဖလပ်သံခွံပေါ် တင်သွားကြတာ” ပြောပါတယ်။
စစ်တပ်ဟာ ဧရာဝတီအထက်ပိုင်းကို ဆက်လက်ဆန်တက်ပြီး မတ္တရာမြို့နယ် အနောက်တောင်ခြမ်း ရှင်လှအလယ်ရွာနားမှာ ညအိပ်တပ်စွဲနေတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
အေးကျွန်းရွာဟာ မတ္တရာမြို့နဲ့ ၁၀ မိုင်လောက်မှာ တည်ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိပါတယ်။











