
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ရှိ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာသွား ကားလမ်းမကြီးကို အသုံးပြုသွားလာလို့ မရတော့ဘဲ ခရီးသွားတွေနဲ့ ဒေသခံတွေ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။
စက်တင်ဘာ ၂၆ ရက်ကစပြီး စစ်အာဏာရှင်တပ်ဟာ ရွှေဘိုမြို့အဝင် အနောက်ဘက်ပေါက်အနီးရှိ အိုးဖိုကျေးရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး အထိုင်ချ တပ်စွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုးဖိုရွာကနေတဆင့် ကင်းဗျားရွာနဲ့ ချီပါမျိုးသန့်စိုက်ခြံတို့အထိ ၂ လနီးပါးကြာ တပ်ဖြန့် နေရာယူထားတာပါ။
ဒီလို စစ်အာဏာရှင်တပ်တွေ ရောက်ရှိလာပြီးနောက် ရွှေဘို-ဆိပ်ခွန် ကားလမ်းမကြီးကို သွားလာခွင့် ပိတ်ထားတဲ့အတွက် ခရီးသွားတွေအနေနဲ့ လမ်းကျဉ်း ပတ်လမ်းတွေကနေပဲ စွန့်စား သွားလာ နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခရီးသွားတယောက်က “အရင်က ကတ္တရာလမ်းအတိုင်း တဖြောင့်တည်း သွားရတာဆိုတော့ ဘာမှ အခက်အခဲမရှိပါဘူး။ ခုတော့ ဆိုင်ကယ်ဆိုရင် ချောင်းဘေး၊ မြောင်းဘေးနဲ့ လယ်ကန်သင်းရိုးတွေ ပေါ်က သွားနေရတာ။ လဲမကျအောင် မနည်းစီးနေရပြီး ဘေးချော်ကျလို့ ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိပါတယ်။ ကားလမ်းဆိုရင် ပတ်ရတဲ့လမ်းက ပိုရှည်ပြီး လမ်းလည်း အရမ်းကျဉ်းတယ်။ မျက်နှာချင်းဆိုင် ကားတစီးလာရင် ကျန်တစီးက ရပ်ပေးရတယ်။ ဘေးလည်း ချမရပ်ရဲဘူး၊ ညပ်သွားရင် ထွန်စက်နဲ့ ဆွဲထုတ်ရတယ်။ မြို့နဲ့ နယ်ကို အလုပ်လုပ်ဖို့ သွားလာနေရသူတွေ အတွက်တော့ အခက်အခဲတွေ အများကြီးပါပဲ” လို့ ပြောပါတယ်။
အရင်က ရွှေဘို-ဆိပ်ခွန် မူးကမ်းကြီးလမ်းအတိုင်း ရွှေဘိုမြို့ကို သွားရောက်ရင် အသွားအပြန် တနာရီခန့်သာ ကြာမြင့်ပေမဲ့ ခုအခါ ကွင်းလမ်းတွေကနေ သွားနေရတာမို့ ၃ နာရီကနေ တနေကုန်နီးပါး ကြာမြင့်နေတယ်လို့ သိရပါတယ်။
ဒီလို သွားလာရခက်ခဲမှုကြောင့် ရွှေဘိုအနောက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းရှိ ဒေသခံတွေဟာ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ ကြန့်ကြာနေတဲ့အပြင် စားသုံးဆီ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် စျေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့အဝင် အနောက်ဘက်မှာရှိတဲ့ မင်းကုန်းကျေးရွာ အထိုင်စခန်းနဲ့ အိုးဖိုကျေးရွာကြား ကတ္တရာလမ်းပေါ်မှာ စစ်အာဏာရှင်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ တပ်ဆင်ပြီး ဘန်ကာတွေ တည်ဆောက်ကာ စစ်ရေးပြင်ဆင်နေတာကြောင့် စိုးရိမ်စိတ် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကစလို့ မင်းကုန်းကျေးရွာ အနောက်ဘက်က အိုးဖိုကျေးရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့တာပါ။
အဲဒီနောက် တော်လှန်ရေးအင်အားစုတွေ ၅ နှစ်နီးပါး ထိန်းချုပ်ထားတဲ့ အိုးဖို၊ ကင်းဗျားကျေးရွာနဲ့ ချီပါ စိုက်ပျိုးရေးသိပ္ပံကွင်းတို့ကို ပြန်လည် ထိန်းချုပ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်တပ်ဟာ မင်းကုန်းကျေးရွာ ဂိတ်နဲ့ အိုးဖိုကျေးရွာကြားမှာရှိတဲ့ နေအိမ်တွေ၊ လမ်းဘေးဈေးဆိုင်တွေက ပြည်သူတွေကို ၃ ရက်အတွင်း အပြီး ရွှေ့ပြောင်းခိုင်းထားပြီး အဆိုပါဧရိယာကို စစ်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ ဘန်ကာတွေ တည်ဆောက်တာ၊ လက်နက်ကြီးတွေ တပ်ဆင်တာ စတဲ့ စစ်ရေးပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဒေသခံတယောက်ရဲ့ ပြောပြချက်အရ မင်းကုန်းဂိတ်နဲ့ ချီပါ စိုက်ခြံကြား တံတားပေါ်မှာ ဟောင်ဝစ်ဇာလက်နက်ကြီးတွေ ဆင်ထားပြီး တံတားကျော်ရင် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အတွက် ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်ဖို့ နေရာ အစားမပေးတာကြောင့် အခက်အခဲ ဖြစ်နေကြ ရပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ ရွှေဘိုမြို့ အနောက်ဘက် ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ဒီလို စစ်ရေးပြင်ဆင်မှုတွေကြောင့် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာသွား ကားလမ်းပိုင်း ပိတ်ဆို့ နေတာ ၂ လနီးပါး ရှိပြီဖြစ်ပြီး ရွှေဘို အနောက်ခြမ်းနဲ့ ဒီပဲယင်း အရှေ့ခြမ်းတို့က ကုန်တင်ယာဉ်တွေ ဟာ ကွင်းလမ်းတွေကနေ လှည့်ပတ်သယ်ယူနေရတာကြောင့် ကုန်ဈေးနှုန်း မြင့်တက်ပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။











