
တရုတ်-မြန်မာ နယ်စပ် မူဆယ်ကို ဒီဇင်ဘာ ၁ ရက်ကစပြီး ကုန်ပစ္စည်းအဝင်အထွက် ပိတ်ထားလို့ အခက်အခဲဖြစ်ရကြောင်း နယ်စပ်ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
နယ်စပ်ဒေသခံ ယာဉ်မောင်းတယောက်က “ခရီးသည်တမျိုးပဲ ရပါတယ်ဗျာ။ ဆိုင်ကယ်အလွတ်ဆို ရပါတယ်။ တပတ်လောက်ရှိပြီဗျာ။ အခြေအနေ မကောင်းဘူး။ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ဟုတ်တယ်ဗျ” လို့ ပြောပါတယ်။
ကားပေါ်မှာ ဘာပစ္စည်းမှ ပေးမတင်သလို ဆီပုံးခွံတောင် ပြန်ချခိုင်းနေတာလို့ သူက ပြောပါတယ်။
ခရီးသည်တင်ကား ယာဉ်မောင်းတယောက်ကလည်း “မူဆယ်အဝင်ကို TNLA တွေက ပေးမဝင်ဘူး။ မူဆယ်အထွက်ကျတော့ စစ်တပ်က ပေးမထွက်တာလေ။ အရမ်းခက်တယ်” လို့ ပြောပါတယ်။
ပစ္စည်းတွေများရင် မူဆယ်ကနေ ထွက်လို့မရတဲ့အပြင် အထုပ်ကြီးရင်လည်း မရဘဲ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေရတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး စစ်ကောင်စီဘက်က မူဆယ်မြို့အထွက် ကုန်ပစ္စည်းတင်ဆောင်မှု တင်းကျပ် ပိတ်ပင်ထားသလို တရုတ်နယ်စပ် ဆင်ဖြူဂိတ်ကနေ မူဆယ်ဘက်ကို ဟင်းသီးဟင်းရွက်၊ သားငါးတွေကိုသာ တင်သွင်းခွင့်ပြုပြီး ယာဉ်အဝင်အထွက်တွေကိုလည်း ကန့်သတ်လိုက်တာဖြစ်ပါတယ်။
မူဆယ်ဘက်ဝင်မယ့် ကုန်ပစ္စည်းတွေကိုတော့ TNLA ဘက်က ပိတ်ထားပြီး ကားတွေအများအပြား လမ်းမှာ ပိတ်မိ သောင်တင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။