DVB Logo
Home
Lead Story
ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ထရောင်မိုင်လန်းနဲ့ ဒေါ်လာ ၉ ဘီလီယံတန် သေမိန့်
DVB
·
December 4, 2024
ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ထရောင်မိုင်လန်းနဲ့ ဒေါ်လာ ၉ ဘီလီယံတန် သေမိန့်
Donate to DVB

ကွန်မြူနစ်နိုင်ငံတွေက ဥပဒေတွေက ပြင်းထန်ပြီး ရက်စက်လေ့ရှိတယ်။ တရုတ်နိုင်ငံမှာ သေဒဏ်ပြစ်ဒဏ်ကို လူအများရှေ့မှောက်မှာ စီရင်လေ့ရှိတော့ တရုတ်လူမျိုးတွေ သူ့နိုင်ငံထဲ တော်ရုံ ဥပဒေ မချိုးဖောက်ဝံ့ကြဘူး။

ဗီယက်နမ်က ဆိုရှယ်လစ် စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေပေမဲ့ အုပ်ချုပ်တဲ့အစိုးရက ကွန်မြူနစ်ပါ။ ၁၉၈၆ ခုနှစ် ဗီယက်နမ်စီးပွားရေး ပြုပြင်ပြောင်းလဲရေး စတင်ချိန်ကစလို့ ဗီယက်နမ်ရဲ့ စီးပွားရေးဟာ အံ့မခန်းတိုးတက်ခဲ့ပြီး အရှေ့တောင်အာရှရဲ့ အတိုးတက် အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်လာခဲ့တယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့အတူ နောက်ဆက်တွဲ အကျင့်ပျက်ခြစားမှု ပြဿနာတွေလည်း ရှိလာတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဗီယက်နမ်အစိုးရဟာ အကျင့်ပျက်ခြစားမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး လူအများကို ဖမ်းဆီးအရေးယူခဲ့တယ်။ အနားယူသွားပြီဖြစ်တဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရောင်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာ လက်သံပြောင်ပြီး သူ့ရဲ့ Blazing Furnaces “လောင်ကျွမ်းနေတဲ့ မီးဖို” စစ်ဆင်​ရေးဟာ ထင်ရှားခဲ့တယ်။ ဒီ လာဘ်စားမှုတိုက်ဖျက်ရေး စစ်ဆင်ရေးမှာ ဖမ်းဆီးခံလိုက်ရသူတဦးက ဗီယက်နမ်နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံး Saigon Commercial Bank ကတဆင့် ဆယ်စုနှစ်တခုအတွင်း ဒေါ်လာ ဘီလီယံ အမြောက်အမြား အလွဲသုံးစားပြုခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်၊ အသက် ၆၈ နှစ်အရွယ်ရှိ “ထရောင်မိုင်လန်း” ဆိုသူပဲ ဖြစ်တယ်။

မနှစ်တုန်းက သူ့အမှုကို ဗီယက်နမ်တရားရုံးက စစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလမှာတော့ ပြစ်မှုထင်ရှားတဲ့အတွက် သူ့ကို ထောင်ဒဏ်တသက်နဲ့ သေဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်။

ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ ၈၅ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ၄ ဦးကိုတော့ ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခဲ့တယ်။

ဗီယက်နမ်နိုင်ငံမှာ သေဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့တာ ရှိခဲ့ဖူးပေမဲ့ အခု သေဒဏ်ပြစ်ဒဏ် ချမှတ်ခံရသူဟာ အိမ်ခြံမြေနဲ့ ဘဏ်လုပ်ငန်းရှင် အမျိုးသမီး တိုင်ကွန်းတဦး ဖြစ်နေတာကတော့ ထူးခြားတယ်။

ဗီယက်နမ်အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ထရောင်မိုင်လန်းဟာ တရုတ်-ဗီယက်နမ် ကပြားတဦးဖြစ်ပြီး ဟိုချီမင်းမြို့မှာ မွေးဖွားခဲ့သူဖြစ်တယ်။

၁၉၈၆ ခုနှစ်၊ ဗီယက်နမ်စီးပွားရေး ပြုပြင်ပြောင်းလဲရေး မတိုင်မီအချိန်ထိ မိခင်ဖြစ်သူနဲ့အတူ ဟိုချီမင်းစျေးထဲမှာ အလှကုန်ပစ္စည်း ရောင်းချခဲ့တယ်။ ဗီယက်နမ် စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင်အပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ထရောင်မိုင်လန်းဟာ ဟိုတယ်နဲ့ စားသောက်ဆိုင် အတော်များများ ပိုင်ဆိုင်သူ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တရားရုံးက ပြစ်ဒဏ်ချလိုက်ချိန်မှာတော့ သူဟာ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်း Van Thinh Phat ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဖြစ်နေပါပြီ။

တရားရုံးရဲ့ စစ်ဆေးတွေ့ရှိချက်အရ ထရောင်မိုင်လန်းဟာ ဗီယက်နမ်ရဲ့ ပဉ္စမမြောက် အကြီးဆုံးဘဏ်တခုဖြစ်တဲ့ Saigon Commercial Bank ကနေ ဆယ်နှစ်အတွင်း ကုမ္ပဏီနာမည် အမျိုးမျိုးနဲ့ ငွေသားအပါအဝင် စုစုပေါင်း ဒေါ်လာ ၄၄ ဘီလီယံအထိ ချေးယူခဲ့တယ်လို့ သိရတယ်။

စစ်ဆေးတဲ့အခါ ဒေါ်လာ ၂၇ ဘီလီယံက စာရင်းမှားတာဖြစ်ပြီး ၁၂ ဘီလီယံကတော့ သူကိုယ်တိုင် အလွဲသုံးစားပြုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ ဗီယက်နမ်သမိုင်းမှာတော့ အကြီးမားဆုံး ငွေကြေးဆိုင်ရာ ရာဇဝတ်မှုကြီး ဖြစ်ခဲ့တယ်။

ဧပြီလက ထရောင်မိုင်လန်းအပေါ် ချမှတ်ခဲ့တဲ့ သေဒဏ်အမိန့်နဲ့ ပတ်သက်ပြီး ဗီယက်နမ် တရားရုံးက အယူခံဝင်ခွင့်ပြုခဲ့ပြီး အယူခံအဆုံးအဖြတ်ကို ဒီဇင်ဘာ ၃ ရက်မှာ ချမှတ်မှာဖြစ်တယ်။ ဗီယက်နမ်ရဲ့ ထင်ရှားတဲ့ လုပ်ငန်းရှင် အမျိုးသမီး တိုင်ကွန်းတဦး ခုလို သေဒဏ်ပြစ်ဒဏ် ချမှတ်ခံရမှုနဲ့ပတ်သက်လို့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။

ဒီမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တခုက ဗီယက်နမ်ဥပဒေက အလွဲသုံးစားပြုထားတဲ့ ငွေပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ပြန်ပေးခဲ့ရင် သေဒဏ်က လွတ်မြောက်ပြီး ထောင်ဒဏ်တသက်သာ ကျခံရမှာဖြစ်တယ် ဆိုတာပဲ။

ထရောင်မိုင်လန်း အလွဲသုံးစားပြု ငွေချေးယူခဲ့တဲ့ Saigon Commercial Bank ကို ဗီယက်နမ် ဗဟိုဘဏ်က ငွေကြေးပံ့ပိုးပြီး ကယ်တင်ဖို့ ကြိုးစားခဲ့သေးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးလို့လည်း သိရတယ်။

သေဒဏ်ချမှတ်ခံရတဲ့ ထရောင်မိုင်လန်း ဘဏ်ကအလွဲသုံးစားပြုခဲ့တဲ့ ငွေပမာဏဟာ ဒေါ်လာ ၁၂ ဘီလီယံရှိပြီး ဒေါ်လာ ၉ ဘီလီယံကို အချိန်မီ ပြန်ဆပ်နိုင်ရင် ဗီယက်နမ်ဥပဒေအရ သေဒဏ်က လွတ်မြောက်မယ်လို့ သိရတယ်။ ၉ ဘီလီယံကို စီးပွားရေးလုပ်ငန်းရှင် ထရောင်မိုင်လန်း အချိန်မီ ရှာနိုင်မလား။ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးက ၉ ဘီလီယံထက် ကျော်လွန်နေပေမဲ့ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီးမှသာဖြစ်လို့ အချိန်ယူရမှာဖြစ်တယ်။

သေဒဏ်အမိန့်ကို ဒီနေ့မှာ ဗီယက်နမ်တရားရုံးက အတည်ပြုမှာဖြစ်တယ်။ (နောက်ဆုံးသတင်းများအရ ဗီယက်နမ် ဗဟိုပြည်သူ့တရားရုံးက အယူခံကို ပယ်ချလိုက်ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုလိုက်တယ်လို့ သိရတယ်) ဒါပေမဲ့ ဒေါ်လာ ၉ ဘီလီယံကို ပြန်လည်ပေးဆပ်နိုင်ရင်တော့ ထောင်ဒဏ်တသက်အထိ ပြစ်ဒဏ်လျှော့ချပေးမယ်လို့လည်း သတင်းတွေက ဆိုတယ်။

ကွန်မြူနစ်နိုင်ငံတခုရဲ့ ပြင်းထန်တဲ့ဥပဒေ၊ စျေးကွက်စီးပွားရေးနဲ့ ငွေကြေးအလွဲသုံးစားပြုလုပ်သူ စီးပွားရေးလုပ်ငန်းရှင် တိုင်ကွန်းအမျိုးသမီးကြီးတဦးရဲ့ ဖြစ်စဉ်ပါ။

CWM 

Ref: Vietnamese tycoon in race to raise $9bn to avoid execution.

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013