DVB Logo
Home
မြန်မာသတင်း
MNDAA အနေဖြင့် စစ်တပ်ကို စတိုက်မည်မဟုတ်သလို စစ်တပ်ကလည်း ထိုးစစ်ရပ်ရန် ထုတ်ပြန်
DVB
·
December 4, 2024
MNDAA အနေဖြင့် စစ်တပ်ကို စတိုက်မည်မဟုတ်သလို စစ်တပ်ကလည်း ထိုးစစ်ရပ်ရန် ထုတ်ပြန်
Donate to DVB

ကိုးကန့်တပ်တွေအနေနဲ့ ဒီနေ့ကစလို့ ရောက်ရာနေရာကနေ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်မှာမဟုတ်ဘဲ စစ်ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံ နေရာအနှံ့မှာ ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပေးရမယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့လိုလားတယ်လို့ ထပ်ပြီး ထုတ်ပြန် လာတာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းပေးတဲ့အောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထုရဲ့အကျိုးကို ငဲ့ညှာ ထောက်ထားဖို့၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့၊ ပြည်တွင်း စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်ဖို့အတွက် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

MNDAA ဟာ နိုင်ငံတော်ကခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုတာပဲဖြစ်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီနေ့ကစလို MNDAA တပ်တွေဟာ ရောက်ရာနေရာက ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်မှာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်း ဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်း ဆောင်ရွက်ပေးမှု အတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ MNTJP/MNDAA က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားက ပဋိပက္ခတွေနဲ့ အမြင်သဘောထားကွဲလွဲတာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ နိုင်ငံရေးနည်းလမ်းကိုအားပေးထောက်ခံပေမဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုလည်း အရင်အတိုင်း ဆက်လက်စွဲကိုင်သွားမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တအာင်းတပ်မတော် TNLA က လည်း တရုတ်ရဲ့ကြားဝင်ကြိုးပမ်းနေတာကို အသိအမှတ်ပြုပြီး တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ အဲဒီတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့တွေကို နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013