DVB Logo
Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလှေပစ်ခတ်ခံရမှုအပေါ်  ထိုင်းဝန်ကြီးချုပ်တုံ့ပြန်  
DVB
·
December 3, 2024
ထိုင်းငါးဖမ်းလှေပစ်ခတ်ခံရမှုအပေါ်  ထိုင်းဝန်ကြီးချုပ်တုံ့ပြန်  
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ နိုဝင်ဘာ ၂၉ ရက် သန်းခေါင်ကျော် (၃၀ ရက် မနက်) က ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်တာကြောင့် ထိုင်းနိုင်ငံသား  တယောက်  သေဆုံးပြီး ၂ ယောက် ဒဏ်ရာရကာ ၃၁ ယောက်လည်း အဖမ်းခံထားရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က “ထိုင်းနိုင်ငံသား ၄ ယောက် အမြန်ဆုံးပြန်လွတ်လာဖို့ ဆောင်ရွက်နေပါတယ်။ ဒါက နိုင်ငံခြားနဲ့ဖြစ်တဲ့ ကိစ္စဆိုတော့ သံတမန်နည်းနဲ့ သွားရမှာဖြစ်တယ်။ အခုနေခါ ဘာမှပြောလို့မရသေးပါဘူး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုကိုတော့ အားမပေးပါဘူး”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖုမ်းထမ်း ဝေ့ချဝချိုင်းကလည်း ပိုင်နက်ကျူးကျော်တယ် ဆိုရင်လည်း လုပ်ထုံးလုပ်နည်းရှိပါတယ်၊ ခုလိုပစ်ခတ်တာတော့ တရားလွန်တယ်လို့ ပြောချင်တယ်၊ သူတို့ဘက်က တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်၊ ထိုင်းငါးဖမ်းလှေအသင်း ကတော့ ကန့်ကွက်စာထုတ်ထားတယ်လို့ ဆိုပါတယ်။

ငါးဖမ်းလှေအသင်းရဲ့ ထုတ်ပြန်ချက်မှာ မြန်မာရေတပ်ရဲ့ ပစ်ခတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ ဖမ်းထားသူ ၃၁ ယောက်လုံးနဲ့ လှေတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပြီး ထိုင်းဘက်က ငါးဖမ်းလှေတွေလည်း နယ်နိမိတ် အတိအကျ မသိရတဲ့ ရေပြင်ထဲမှာ ငါးဖမ်းထွက်တာ ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ဘန်ကောက် မြန်မာသံရုံးက တာဝန်ရှိသူကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး နိုင်းမာရဇ် ဆငင်ဖုန်းက ပြောပါတယ်။

အဓိကအားဖြင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ ဖမ်းထားတဲ့လှေတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အဖမ်းခံထားရသူတွေကို သွားတွေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်၊ မြန်မာသံရုံး တာဝန်ရှိသူဘက်ကလည်း ခုလိုဖြစ်သွားရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်လက်အကြောင်းကြားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကိုလည်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံဖို့ မှာကြားထားတယ်လို့ ထိုင်းနိုင်ငံခြားဝန်ကြီးက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ညက ထိုင်းငါးဖမ်းလှေ အစီး ၅၀ လောက်ဟာ ထိုင်းပင်လယ်ပြင်ထဲ ငါးဖမ်းထွက်ကြတယ်၊ ၃ စီးက ကော်ဖငမ်းကျွန်းစုနဲ့ ရေမိုင် ၅ မိုင်လောက်အကွာ ပိုက်ကွန်ချပြီး မီးထိုးလိုက်စဉ် မြန်မာ့ရေတပ်သင်္ဘော ၃ စီး ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်တယ်၊ ထိုင်းလှေပေါ်က ရေလုပ်သားတွေ ရေထဲခုန်ချရာမှာ တယောက်က ရေနစ်ပြီး သေဆုံးသွားပါတယ်၊ အဆိုပါလူငယ်မှာ ခါတိုင်း ဆိပ်ကမ်းပေါ်မှာသာ တာဝန်ထမ်းဆောင်ပြီး ပင်လယ်ထဲက အတွေ့အကြုံရအောင် ပထမဆုံးအကြိမ် လိုက်လာခဲ့ရာက ခုလိုအဖြစ်ဆိုးနဲ့ ကြံရတာလို့ ဆိုပါတယ်။

နောက် ထိုင်းတယောက်ကတော့ လှေဦးစီးဖြစ်ပြီး ကျည်ဆန်က ပါးနဲ့ နားရွက်ကို ရှပ်ထိသွားတာဖြစ်တယ်၊ ဒါဟာ ခြိမ်းခြောက်ပစ်ခတ်တာမဟုတ်ဘဲ အသေပစ်ခတ်တာလို့  အပစ်ခံရသူက ပြောပါတယ်။ အဆိုပါ လှေကြီးဟာလည်း နံရံ၊ မှန်ပြတင်းနဲ့ လှေထဲက ရေခဲသေတ္တာ အစရှိတဲ့ ပစ္စည်းတွေပါ ထိခိုက်ပျက်စီးတယ်၊ ငါးဖမ်းပိုက်ကွန်တွေလည်း ဖြတ်ချလိုက်ရလို့ ဘတ်သန်းပေါင်း သိန်းနဲ့ချီ ဆုံးရှုံးမှုရှိတယ်လို့ ဆိုပါတယ်။

မြန်မာ့ရေတပ်ဘက်က ထိုင်းလှေ ၃ စီး ဖမ်းသွားပြီး လှေပေါ်က ထိုင်း ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက်၊ ပေါင်း ၃၁ ယောက်ကို ဖမ်းထားတယ်၊ မြန်မာ ၂၇ ယောက်မှာ အလုပ်သမားကတ် နေထိုင်ခွင့်အထောက်အထားတွေရှိရင် လွတ်လာတဲ့အခါ ထိုင်းကိုပြန်လာပြီး အလုပ်လုပ်လို့ရတယ်လို့ ရနောင်းဆိပ်ကမ်းအာဏာပိုင်က သတင်းထောက်တွေကို ပြောသွားပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိုင်းငါးဖမ်းစက်လှေနဲ့အတူ ဖမ်းမိသူတွေကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်ဆေးနေသလို ဖမ်းဆီးရာမှာ ထိခိုက်သေဆုံးခဲ့သူ မရှိဘူးလို့ သူတို့ရဲ့ ဝါဒဖြန့် ပြန်ကြားရေးဌာနကနေ ဒီဇင်ဘာ ၂ ရက် ညမှာ ထုတ်ပြန် ပြောဆိုထားပါတယ်။

Source:  Thai Post / Thairath / Prachachat 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013