
တက်စလာစီအီးအို အီလွန်မတ်စ်ခ်အတွက် စံချိန်တင် ခံစားခွင့် ဒေါ်လာ ၅၆ ဘီလီယံကို တရားရုံးက ဒုတိယအကြိမ် ပယ်ချခဲ့ပါတယ်။
စီအီးအို အီလွန်မတ်စ်ခ်ကို ခံစားခွင့်ဆုကြေးငွေ ဒေါ်လာ ၅၆ ဘီလီယံပေးဖို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေက ပြီးခဲ့တဲ့နွေရာသီမှာ သဘောတူခဲ့တာဖြစ်ပြီး ဒီကိစ္စ လပေါင်းများစွာ တရားဝင် ဆွေးနွေးငြင်းခုန်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီလာဝဲတရားရုံးက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တရားသူကြီး ကက်သလင်းမက်ကော်မစ်ခ်က အီလွန်မတ်စ်ခ်ဟာ ဘုတ်အဖွဲ့ဝင်တွေအပေါ် လွှမ်းမိုးမှုကြီးမားတယ်လို့ ပြောပါတယ်။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အရ အီလွန်မတ်စ်ခ်ဟာ ဒေါ်လာ ၃၄၅ သန်းသာ ရသင့်တယ်လို့ ဆိုပါတယ်။
ဒီစီရင်ချက်နဲ့ပတ်သက်ပြီး အီလွန်မတ်စ်ခ်ကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာ X မှာ “ရှယ်ယာရှင်တွေကသာ ကုမ္ပဏီရဲ့ မဲပေးမှုကို ထိန်းချုပ်ရမှာပါ။ တရားသူကြီးတွေ မဟုတ်ပါဘူး” လို့ တုံ့ပြန် ဖော်ပြထားပါတယ်။
တက်စလာကတော့ ဒီဆုံးဖြတ်ချက်က မှားယွင်းကြောင်းနဲ့ ဒီစီရင်ချက်ကို အယူခံဝင်ဖို့ ရည်ရွယ်ထားပါတယ်။
တက်စလာကုမ္ပဏီကလည်း ဆိုရှယ်မီဒီယာ X မှာ “ဆုံးဖြတ်ချက် မပြောင်းလဲတာက တရားသူကြီးနဲ့ ရှေ့နေတွေဟာ တကယ့်ပိုင်ရှင်အစစ်တွေထက် ဒီကုမ္ပဏီကို ပိုပြီးပိုင်နေသလို ဖြစ်နေပါတယ်” လို့ ဖော်ပြထားပါတယ်။
လေ့လာသူအချို့က အီလွန်မတ်စ်ခ်နဲ့ တက်စလာ ကုမ္ပဏီတို့ရဲ့ သဘောတူညီချက်က ဒီလာဝဲလ်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို အငြင်းအခုန် ဖြစ်စေတယ်လို့ ဆိုပါတယ်။
အီလွန်မတ်စ်ခ်ကတော့ တက်စလာကို ဒီနှစ်အစောပိုင်းမှာ တက္ကဆက်ကိုရွှေ့ပြီး ဒီလို ဆုကြေးငွေရမယ့်အတိုင်း ပြုလုပ်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။
Source : Reuters










