DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး နိုင်ငံတကာကြားဝင်ဆောင်ရွက်ရန် ကုလလူ့အခွင့်အရေးကျွမ်းကျင်သူများ တောင်းဆို
DVB
·
December 3, 2024
မြန်မာ့အရေး နိုင်ငံတကာကြားဝင်ဆောင်ရွက်ရန် ကုလလူ့အခွင့်အရေးကျွမ်းကျင်သူများ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု အရေအတွက် ၆,၀၀၀ အထိ ရှိလာနေပြီး နိုင်ငံတကာအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် အပါအဝင် နယ်ပယ်အသီးသီးက ကုလသမဂ္ဂ ကျွမ်းကျင်သူ ၁၁ ယောက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဒီဇင်ဘာ ၂ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်တဲ့ပုံစံတွေ ပြောင်းလဲလုပ်ဆောင်ကြဖို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေသေဆုံးမှု အချက်အလက်တွေဟာ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာပြည်သူတွေအပေါ် အလေးထားမှု ပျက်ကွက်နေတာကို သတိပေးနေတာဖြစ်ပြီး ခုချိန်မှာ နိုင်ငံတကာက သဘာဝဘေးအန္တရာယ်တွေအပေါ် အာရုံစိုက်မှုတွေကနေ စတင်ပြီးတော့ အပြောင်းအလဲအတွက် လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့လည်း ပြောလိုက်တာပါ။

“နိုင်ငံတကာ လုပ်ဆောင်ချက်တွေက ခြားနားမှုရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လက်နက်တွေကို စစ်အုပ်စုရဲ့ လက်လှမ်းမီမှုကို လျှော့ချနိုင်ပုံကို ကျနော်တို့ မှတ်တမ်းတင်ထားပါတယ်” လို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါ့အပြင် အရပ်သားနေအိမ်တွေ၊ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတဲ့ မြန်မာစစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုမရှိဘဲ တိုက်ခိုက်မှုတွေအတွင်း ထောင်နဲ့ချီတဲ့ အသက်တွေ ထိခိုက်ဆုံးရှုံးခဲ့သလို ဒါဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကြောင့် အဖြစ်များပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမဆန်မှု လက္ခဏာရပ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်တွေ ဖမ်းဆီးချုပ်နှောင်မှုတွေအတွင်း လူပေါင်း ၂,၀၀၀ နီးပါး သေဆုံးခဲ့ရသလို ၃၆၅ ယောက် ဦးခေါင်းသေနတ်ထိမှန်ကာ ၂၁၅ ယောက် အရှင်လတ်လတ် မီးရှို့ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အသတ်ခံရသူ အများအပြားဟာ သေစေနိုင်လောက်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသလို တချို့သူတွေကတော့ ကွပ်မျက်ခြင်းမပြုခင်မှာ အတင်းအဓမ္မ တိတ်တဆိတ် လက်စ‌ဖျောက်တာမျိုးတွေ ကျူးလွန်ခံရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရသူ ၂၁,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အများအပြားဟာ ဆက်သွယ်လို့မရတဲ့ အခြေအနေမှာ ရှိနေကြသလို သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက သူတို့ ဘယ်မှာရှိတယ်ဆိုတာ မသိကြရဘူးလို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ စစ်အုပ်စုက အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်ပစ္စည်းတွေ ရရှိနေတဲ့အပေါ် ပိတ်ဆို့အရေးယူတာတွေ အပါအဝင် တရားဝင်အစိုးရဖြစ်ရေး ကြိုးပမ်းမှုနဲ့ စစ်ကောင်စီကျင်းပမယ့် “ရွေးကောက်ပွဲ” အစီအစဉ်တွေကို လူသိရှင်ကြား ပယ်ချဖို့လည်း နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

အခြေခံဥပဒေချိုးဖောက် အာဏာသိမ်းမှုမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး မတရား ဖမ်းဆီးချုပ်နှောင်ပြီးတော့ ပျောက်ကွယ်သွားအောင် အတိုက်အခံခေါင်းဆောင်တွေကို ညှဉ်းပန်းနှိပ်စက်တာ၊ ကွပ်မျက်တာတွေအပြင် သတင်းသမားတွေ အမှန်တရားကို သတင်းပို့ဖို့ တရားဝင် လုပ်ဆောင်ခွင့်မရရင် ရွေးကောက်ပွဲကျင်းပလို့ မရပါဘူး။ ဒါကို လိမ်လည်မှုလို့ ခေါ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းရဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေအတွက် ရွေးချယ်စရာတွေ ဆက်လက်တည်ရှိနေချိန်မှာ အပြစ်မဲ့ ထောင်ပေါင်းများစွာသော မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတာက ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013