
ဆီးရီးယားအစိုးရဟာ ပြည်သူတွေ၊ အတိုက်အခံတွေနဲ့ ရင်ကြားစေ့ဖို့ လိုအပ်နေပြီဆိုတာ ဆီးရီးယားနိုင်ငံထဲက အခြေအနေတွေက ပြသပြီး တွေ့ဆုံဆွေးနွေးရာမှာ ပါဝင်ကူညီဖို့ တူရကီက အဆင်သင့်ရှိတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာခန်ဖီဒန်က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီနဲ့ တွေ့ဆုံအပြီးမှာ ခုလို မှတ်ချက်ပေးခဲ့တာပါ။ သူပုန်တွေဟာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက မြို့ထဲကနေ တိုက်ထုတ်ခံခဲ့ရပြီး ဆယ်စုနှစ်တခုနီးပါး ကြာတဲ့နောက်မှာ အလက်ပိုမြို့ကို ရောက်လာပြီး သဲကြီးမဲကြီး တိုက်ခိုက်ခဲ့တာပါ။
တူရကီ၊ ရုရှားနဲ့ အီရန်တို့ဟာ အဲ့စ်တာနာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဆီးရီးယားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပုံမှန် ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားနဲ့ အီရန်တို့က သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ဒ်ကို ထောက်ခံနေပေမဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အဖွဲ့ဝင် တူရကီနိုင်ငံက နိုင်ငံရေးအတိုက်အခံနဲ့ လက်နက်ကိုင် အတိုက်အခံတွေကို ကျောထောက်နောက်ခံ ပြုထားပါတယ်။
အဲ့စ်တာနာ လုပ်ငန်းစဉ်ကို ပြန်အသက်သွင်းဖို့ ကြိုးပမ်းမှာဖြစ်ပြီး လုပ်ငန်းစဉ်အောက်မှာ အစည်းအဝေးအသစ်ကို မကြာမီကျင်းပနိုင်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဒန်က ပြောပါတယ်။
သက်ဆိုင်သူအားလုံး ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှု ထူထောင်ရေးအတွက် တွန်းအားပေးသင့်တယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
တူရကီနဲ့ အီရန်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်တဲ့အကြောင်းနဲ့ ဆီးရီးယားဟာ အကြမ်းဖက်အုပ်စုတွေအတွက် ဂေဟာမဖြစ်သင့်ဘူးဆိုတဲ့ အချက်ကို အီရန်နဲ့ တူရကီတို့က သဘောတူတဲ့အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source: Reuters