DVB Logo
Home
မြန်မာသတင်း
ကလေးဝ-‌မော်လိုက် ကားလမ်းမ၌ တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ နေရပ်စွန့်ခွာ
DVB
·
December 3, 2024
ကလေးဝ-‌မော်လိုက် ကားလမ်းမ၌ တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ နေရပ်စွန့်ခွာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်းက ကလေးဝ-‌မော်လိုက်သွား ကားလမ်းမပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၃၀ ရက်‌ကစတင်ပြီး ဒီဇင်ဘာ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ရတဲ့ အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီတပ်တွေ အထိုင်ချ နေထိုင်တဲ့ ကလေးဝမြို့နဲ့ မော်လိုက်မြို့ လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လမ်းပိတ်လိုက်တာကနေ စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “စစ်တပ်က ကလေးမြို့ကနေ တက်လာတာရှင့်။ ကျမတို့ ကလေးဝမြို့ဘက်ကို ပန်းချီစုရွာ၊ ယောစုရွာကနေ စစ်ကြာင်းထိုးလာတာရှင့်။ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ စစ်တပ်က ယောစုရွာမှာ တပ်ဆွဲထားတယ်ရှင့်။ သူတို့က ဒီဇင်ဘာ ၁ ရက်နေ့က ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်လို့ မထုရွာက စစ်ရှောင်ပြည်သူ ၃ ဦး သေဆုံးတာလည်း ရှိတယ်ရှင့်။ သေဆုံးသူတွေထဲမှာ အသက် ၇၀ ကျော်အရွယ် အဘိုးအိုတွေရော၊ အမျိုးသမီးတွေရော သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက် နေ့ခင်း ၁၂ နာရီနီးပါး အချိန်ကလည်း ကလေးမြို့က ထွက်လာတဲ့ Double Cub ကားတစီးလည်း နင်းမိုင်းမိတာ ရှိခဲ့တယ်ရှင့်။ မိုင်းမိတဲ့နေရာက ကလေးဝမြို့နယ် မစိန်လမ်းခွဲနဲ့ နန်းမော်ကယ်ကျေးရွာအနီး မိုင်းမိခဲ့တယ်ရှင့်။ စစ်တပ်က ထောင်တဲ့မိုင်းလား၊ PDF ဘက်က ထောင်တဲ့မိုင်းလား ဆိုတာကတာ့ ကျမတို့ အရပ်သားတွေအနေနဲ့ အတည်ပြုလို့တော့ မရဘူးရှင့်။ ဒေသတွင်းမှာ သတင်းတွေ ထွက်နေတာကတော့ စစ်တပ်ကထောင်တဲ့မိုင်း မိတာလို့တော့ သတင်းတွေ ထွက်နေပါတယ်ရှင့်” လို့ ပြောပါတယ်။

ကလေးဝမြို့နယ် မစိန်လမ်းခွဲနဲ့ နန်းမော်ကယ်ကျေးရွာအနီး မိုင်းမိခဲ့တဲ့ကားမှာ ယာဥ်မောင်းအမျိုးသားတယောက်၊ အသက် ၂၀ ကျော်အရွယ် အမျိုးသားတယောက်၊ ဘုန်းတော်ကြီးတပါး၊ အမျိုးသမီးတယောက် လိုက်ပါလာတဲ့ကားဖြစ်ပြီး အခုလို မိုင်းမိပြီး အသက် ၂၀ အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ရကာ ယာဉ်မောင်းအမျိုးသားက ခြေထောက်ထိဒဏ်ရာရရှိခဲ့ပြီး ကျန်တဲ့ ဘုန်းကြီးနဲ့ အမျိုးသမီးက အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း သိရပါတယ်။

မော်လိုက် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “တိုက်ပွဲကတော့ နိုဝင်ဘာ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်‌နေ့ကတော့ တိုက်ပွဲက အပြင်းအထန် ဖြစ်ခဲ့တယ်ဗျ။ စစ်တပ်ဘက်ကလည်း အများအပြား သေဆုံးတယ်။ အရာရှိတွေပါ သေဆုံးတယ်ဗျ။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လက်နက်တချို့လည်း သိမ်းဆည်းရမိတာတွေလည်း ရှိနေတယ်ဗျ။ အခု စစ်တပ်စစ်ကြောင်းထိုးလာပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်လို့ နေရပ်စွန့်ခွာနေရတဲ့ ကျေးရွာတွေက မော်လိုက်-ကလေးဝသွား အနောက်လမ်းပိုင်းအနီးက ကျေးရွာက ပြည်သူတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာ‌နေဆဲဖြစ်ကာ တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံး အထိအခိုက်စာရင်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီတပ်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အခုလို နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြာင့် ကလေးဝ၊ မော်လိုက်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေကို မော်လိုက်-ကလေးဝ သွားလမ်း အသုံးမပြုကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013