DVB Logo
Home
မြန်မာသတင်း
၂၀၂၄-၂၅ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏ ၃ ဆနီးပါး ကျဆင်း
DVB
·
December 3, 2024
၂၀၂၄-၂၅ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏ ၃ ဆနီးပါး ကျဆင်း
Donate to DVB

မြန်မာနိုင်ငံကို  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အစ ဧပြီလကနေ အောက်တိုဘာလကုန်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂၆ ဒသမ ၀၈၁ သန်းသာ ဝင်ရောက်ထားပြီး စစ်တပ် အာဏာသိမ်းထားတဲ့ကာလအတွင်း အနည်းဆုံးပမာဏလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက စီးပွားရေး လုပ်ကိုင်ရခက်ခဲတာ၊ တိုင်းပြည်မတည်ငြိမ်တာ၊ စီးပွားရေးမူဝါတွေ ခိုင်ခိုင်မာမာမရှိတာတွေကြောင့်ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတဲ့အပြင် အသစ်ထပ်မံ ဝင်ရောက်မှုလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ ဘဏ္ဍာနှစ်ကာလအပြောင်းအလဲ ပြန်လုပ်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဧပြီလအထိ ၆ လကို ကြားကာလ ဘဏ္ဍာနှစ်သတ်မှတ်ခဲ့ပြီး အဲဒီ ခြောက်လအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၆၄၂ သန်းကျော် ဝင်ရောက်ခဲ့ပါတယ်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလ အထိ ပထမ ၇ လမှာတော့ အမေရိကန်ဒေါ်လာ ၁၆၄၀ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၇ လမှာ အမေရိကန်ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်း သာ ရှိခဲ့ပါတယ်။

အခုနှစ်ဘဏ္ဍာနှစ်ကာလတူမှာတော့ အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော်သာ ဝင်ရောက်ခဲ့တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် ၃ ဆနီးပါး ကျဆင်းသွားခဲ့ပါတယ်။

ကဏ္ဍအလိုက် ဝင်ရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ စိုက်ပျိုးရေးမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၅ သန်း၊ မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍမှာ ၁ ဒသမ ၀၈၈ သန်း၊ ကုန်ထုတ်လုပ်မှုမှာ ၈၄ ဒသမ ၂၅၂ သန်း၊ စွမ်းအင်ကဏ္ဍမှာ ၈ သန်းခွဲကျော်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ၈၇ ဒသမ ၇၁၅ သန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ၄၄ သန်းစီ ဝင်ရောက်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုရှိတာကြောင့် ကျန်တဲ့ သတ္တုတူးဖော်ရေး၊ ရေနံနဲ့ ဓာတ်ငွေ့၊ ဆောက်လုပ်ရေး၊ ဟိုတယ်နဲ့ ခရီးသွား၊ အိမ်ခြံမြေ၊ စက်မှုလုပ်ငန်းအိမ်ခြံမြေ စတဲ့ ကဏ္ဍ ၆ ခုမှာ ရင်းနှီးမြှုပ်နှံမှု လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။

နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုတွေထဲမှာတော့ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၇၄၂ သန်းနဲ့ အများဆုံးဖြစ်ပြီး ထိုင်းက ၄၄ သန်း၊ တရုတ်က ၄၃ ဒသမ ၂၄၅ သန်းစီ ရင်းနှီးမြှုပ်နှံထားတာကို တွေ့ရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013