DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် စစ်ဘေးရှောင်များအတွက် လိုတရ ရန်ပုံငွေဆိုင်များ ဖွင့်လှစ်
DVB
·
December 3, 2024
ဒီးမော့ဆိုတွင် စစ်ဘေးရှောင်များအတွက် လိုတရ ရန်ပုံငွေဆိုင်များ ဖွင့်လှစ်
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း ၁၅ ခုမှာ အလှူရှင် နည်းပါတဲ့အခါ အရေးပေါ်  ရန်ပုံငွေအသုံးပြုဖို့ ‘လိုတရ’လို့ ခေါ်တဲ့ ရန်ပုံငွေဆိုင်တွေကို အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်လှစ်ပေးနေပါတယ်။ 

အောက်တိုဘာလ ပထမအပတ်ကစပြီး စစ်ရှောင်စခန်းတခုကို တဆိုင်နှုန်းနဲ့ ၂ လအတွင်းမှာ Clean Yangon အဖွဲ့က ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား ၁၅ ဆိုင်အထိ ဖွင့်လှစ်ပေးထားတယ်လို့  Clean Yangon အဖွဲ့ တာဝန်ခံ ကိုဇေယျာထွန်းက ပြောပါတယ်။

“အဓိကက ကျနော်တို့ကူချင်တာကို ကူပေးတာမဟုတ်ဘူးဗျ၊ သူတို့ လိုအပ်တာကို ကူညီပေးတာ။ ကော်မတီတွေနဲ့ အစည်းအ‌ဝေးထိုင်ကြတယ်၊ သူတို့စခန်းတွင်းက စစ်ရှောင်လူထုက အဓိက လုပ်ချင်တဲ့ဟာကို ဆုံးဖြတ်ချက်ချပြီးတော့ လုပ်တာမျိုးပေါ့နော်။ တချို့ဆိုင်က ဆန်ရောင်းချင်တယ်၊ တချို့က ကုန်စုံဆိုင်ဖွင့်ချင်တယ်၊ တချို့က Star link စတဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို တွေ့ရတယ်ခင်ဗျ။”

အလှူရှင်ကိုပဲ အမြဲမမျှော်နေဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပါဝင်ရင်း စခန်းတွင်း ရန်ပုံငွေ ရရှိစေဖို့အတွက် လိုတရ ရန်ပုံငွေဆိုင်တွေကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ဆိုင်ကနေ ရရှိတဲ့ အကျိုးအမြတ်တွေကို စစ်ရှောင်စခန်းအတွက် ပြန်အသုံးချနိုင်မှာဖြစ်ပြီး စစ်ရှောင်စခန်း ၁၅ ခု က အိမ်ထောင်စု ၁၀၀၀ ကျော်ရဲ့ လူဦးရေ ၄၅၀၀ ကျော်က ပါဝင်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “ စခန်းအတွင်းမှာရှိတဲ့သူလည်း အရင်က အပြင်မှာ ဆန်ဝယ်စားရတာ အယောက်တိုင်းလိုပေါ့။ ဒါကြောင့် အနီးနားက သူတွေအတွက်ကော စခန်းအတွက်ကော သယ်ရတာ ပြုရလွယ်ကူအောင် ဆန်ပဲ ရောင်းမယ်ပေါ့။ ဆီဖိုးလည်း သက်သာတာပေါ့။ ကိုယ့်ရန်ပုံငွေ အတွက်လည်း ဝင်အောင်ဆိုပြီးမှ လာအားပေးခိုင်းတာပေါ့။ ပိုက်ဆံများလာရင် စခန်းက ဘဏ္ဍာထိန်းနားကို အပ်တာပေါ့”လို့ ပြောပါတယ်။

စစ်ရှောင်စခန်း ၁၅ ခုက ပြည်သူတွေနဲ့ တိုင်ပင်ကာ စစ်ရှောင်စခန်းတခုကို မတည်ငွေ သိန်း ၁၀၀ ကနေ သိန်း ၁၃၀ ကြား ထုတ်ပေးပြီး သာရေး/နာရေးကိစ္စအဝဝနဲ့ အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးလာတဲ့အခါ အရေးပေါ် ရန်ပုံငွေ အသုံးပြုလို့ရအောင် ကူညီစီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “ဆိုင်က စစ်ရှောင်တွေအတွက် အထောက်အကူ တော်တော်ဖြစ်တယ်။ စစ်ရှောင်တွေ ဝေးဝေးသွားဝယ်စရာ မလိုတော့ဘူးပေါ့နော်။ ဒီမှာ လာဝယ်စားသူတွေလည်းများပါတယ်။ တရက်တရက် မဝယ်ရဘူးဆိုတာ မရှိပါဘူး။ အမြဲတမ်းလိုအပ်တာတွေ ရှိနေ ဝယ်နေရတာဆိုတော့ ရောင်းရပါတယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲတချို့ကို ကူညီဖြေရှင်းပေးတဲ့အနေနဲ့ အဆိုပါ အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး တော်လှန်ရေးမပြီးမချင်း ဆက်လက်ကူညီထောက်ပံ့ပြီး နောက်ထပ် စစ်ရှောင်စခန်းတွေမှာလည်း ကူသွားဖို့ အစီအစဉ်ရှိတယ်လို့ ကိုဇေယျာထွန်းက ပြောပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလ ၃ နှစ်ကျော်ရှိနေပြီး စစ်ရှောင်ကာလကြာလာတာနဲ့အမျှ အလှူရှင်ကူညီထောက်ပံ့မှု နည်းပါးလာတဲ့အတွက် စစ်ရှောင်တွေဟာ ကိုယ်ထူကိုယ်ထရုန်းကန်ဖို့ လိုအပ်လာနေပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013