DVB Logo
Home
မြန်မာသတင်း
မူဆယ်နှင့် တာချီလိတ်တွင် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်း ပုံစံပြောင်းပြီး လုပ်ဆောင်နေ
DVB
·
December 2, 2024
မူဆယ်နှင့် တာချီလိတ်တွင် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်း ပုံစံပြောင်းပြီး လုပ်ဆောင်နေ
Donate to DVB

တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့နဲ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွေမှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းတွေကို တရုတ်ဒုစရိုက်သမားတွေက စစ်ကောင်စီအုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး  ပုံစံပြောင်းလုပ်ကိုင်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မှာတော့ အွန်လိုင်း ငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကို အရင်လို သီးသန့်နေရာတွေမှာ မလုပ်တော့ဘဲ ထွေအုပ်အကူအညီနဲ့ ရပ်ကွက်ထဲက လုံးချင်းတိုက်တွေငှားပြီး ခြေရာဖျောက် လုပ်လာတာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်ဒေသခံ အမျိုးသမီးတယောက်က “အခု ကျားဖြန့်တွေ အိမ်ငှားတာတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို (လက်မှတ်) မထိုးခိုင်းဘူး၊ မချုပ်ခိုင်းဘူး။ သူတို့ ထွေအုပ်ကနေပဲ ချုပ်ပေးတာ။ အဲဒီ ကျားဖြန့်တွေငှားထားတဲ့ ရပ်ကွက်ထဲက နေအိမ်တွေမှာ လျှပ်စစ်မီးမမှန်တော့ မီးပျက်တိုင်း မီးစက်ကြီးတွေ နေ့ညမပြတ် နှိုးထားလို့ အနီးနားဝန်းကျင်က သက်ကြီးရွယ်အိုတွေ ညပိုင်းမှာ အိပ်မရဘဲ ကျန်းမာရေးတွေပါ ဆိုးဆိုးရွားရွား ထိခိုက်လာတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ အိမ်ငှားတဲ့လူတွေအနေနဲ့ ကျားဖြန့် လုပ်တဲ့သူတွေကို မငှားပေးရင်ကောင်းမယ်”လို့ ပြောပါတယ်။

ကျားဖြန့်လုပ်တဲ့ နေအိမ်၊ ခြံဝင်းတွေတွေကို စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အစည်းတွေက ကာကွယ်ပေးထားတယ်လို့လည်း မူဆယ်မြို့ခံက ပြောပါတယ်။

“စစ်ကောင်စီတွေကပဲ ကာကွယ်ပေးနေတာ။ ဖမ်းတော့မယ်ဆိုရင် သူတို့ကပဲ အရင်ကြိုပြီး ပြောထားပြီလေ။ ပြောထားပြီးတော့ အဲဒီ ကျားဖြန့်လုပ်တဲ့လူတွေကို အရင် ဝှက်ဝှက်ထားပြီလေ။” 

မူဆယ်မှာ အိမ်ရှင်သူဌေးတွေက ကျားဖြန့်တွေကို တနှစ် တရုတ်ယွမ် ၂ သိန်းကနေ ၃ သိန်း (ကျပ် သိန်း ၁၀၀၀ ကျော်၊ ၂၀၀၀ နီးပါး)နဲ့ အိမ်ငှားပေးလိုက်ပြီး အိမ်ရှင်တွေက ရွှေလီမှာ သွားနေလိုက်ကြတာတွေလည်း ရှိတယ်လို့သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မှာလည်း  အခုနှစ်ဆန်းပိုင်းမှာ ကျားဖြန့်လုပ်သူတွေ အများအပြား ဖမ်းဆီးခံရလို့ လအနည်းငယ်ကြာ ငြိမ်သွားပေမဲ့ လက်ရှိမှာတော့ အရင်လို ပုံစံပြောင်းမဟုတ်ဘဲ ပြောင်းလဲသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“အခုကကျတော့ ဟိုနေရာ တနေရာကို သူက မိုဘိုင်းပုံစံမျိုးပဲ။ ခဏ ဒီခြံဝင်းထဲမှာ ဖွင့်တယ်။ ဖွင့်ပြီး အရှေ့မှာ အစောင့်တွေနဲ့ အပြင်လူ မပေးဝင်ဘူး။ ကျန်တဲ့ အာဏာပိုင်ပိုင်ကတော့ သူတို့ခွင့်ပြုမှ ရတာလေ။ ဒီအိမ်မှာ ဘာလုပ်တယ်ဆိုတာ အနည်းဆုံးတော့ ရပ်ကွက်က သိမှရတာလေ။”

ကျားဖြန့်လုပ်ငန်းအတွက် တလတခါ လိုင်းကြေးဆောင်ပေးမယ့် အေးဂျင့်တွေလည်း ရှိပြီးသားဖြစ်ပြီး ကျားဖြန့်အလုပ်ကို တာချီလိတ်က အာဏာပိုင်တွေဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံတပ်က ဗျူဟာမှူးတို့၊ ထွေအုပ်တို့၊ စရဖတို့၊ နယ်ထိန်းတို့ ရဲတို့ အကုန်လုံးက မြိုးမြိုးမြက်မြက်ငွေ တခါတည်းကို ရတာကြောင့် ပြင်းပြင်းထန်ထန် နှိမ်နင်းတာမျိုး မတွေ့ရဘူးလို့ ဒေသခံက ပြောပါတယ်။

တာချီလိတ်က ရှန်းလိုက် အပန်းဖြေစခန်းဟာ ကျားဖြန့်တရုတ်တွေ လာပြီး အောင်ပွဲခံ၊ အနားယူ၊ အပန်းဖြေတဲ့နေရာ ဖြစ်သလို ရွှေပန်းအောင် ဆိုတဲ့ နေရာမှာကျတော့ ကျားဖြန့်တရုတ်တွေ အုံနဲ့ကျင်းနဲ့ လောင်းကစားလာဆော့တဲ့နေရာ ဖြစ်တယ်လို့ ဒေသခံက ရှင်းပြပါတယ်။

၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ တာချီလိတ် နယ်မြေခံအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ကျားဖြန့်လုပ်ငန်းတွေကို လက်နက်ကိုင် အစောင့်အရှောက်တွေရှိတဲ့ ခြံဝင်းတွေနဲ့ အကြီးအကျယ် လုပ်စားခဲ့ကြပြီး တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် တရုတ်နယ်စပ် မြို့တွေမှာ ကျားဖြန့်လုပ်သူတွေကို ဖမ်းဆီး ပြန်ပို့တာတွေကြောင့်  ကုန်သလောက်နီးပါး ဖြစ်ခဲ့ပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာတော့ တာချီလိတ်မှာ ကျားဖြန့်တရုတ်တွေကို နယ်မြေခံတာဝန်ခံတွေက တာဝန်ယူ အာမခံ လုပ်ဆောင်ပေးနေပြီး အထက်က ဖမ်းဆီးမယ့် စီမံချက်ရှိတဲ့အခါ ကြိုသတင်းရပြီး ရှောင်ပြေးခိုင်းလို့  အနည်းငယ်လောက်သာ ဖမ်းဆီးခံရကာ ကျားဖြန့်သမား အများစုကတော့ လွတ်မြောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013