DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းမြန်မြန်ထုတ်နိုင်ရေး ဝိုင်းကြိုးစားရန် ဒေါက်တာဆာဆာတိုက်တွန်း
DVB
·
December 1, 2024
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းမြန်မြန်ထုတ်နိုင်ရေး ဝိုင်းကြိုးစားရန် ဒေါက်တာဆာဆာတိုက်တွန်း
Donate to DVB

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းမြန်မြန်ထုတ်နိုင်ရေး ပြည်သူအားလုံး ဝိုင်းကြိုးစားကြဖို့ ဝန်ကြီးဒေါက်တာဆာဆာက ဘော်စတွန်မြို့၊ “ဖြတ်” ရုပ်ရှင်ပြပွဲမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒေသစံတော်ချိန် နိုဝင်ဘာ ၃၀ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့က မြန်မာပြည်သူတွေ တွေ့ဆုံပွဲပြုလုပ်ခဲ့တာပါ။ 

တွေ့ဆုံပွဲနဲ့အတူ အကယ်ဒမီ မင်းမော်ကွန်းဦးဆောင်ပါဝင်ပြီး ဒါရိုက်တာ စောအေးထူး ရိုက်ကူးထားတဲ့ “ဖြတ်” တော်လှန်ရေးရုပ်ရှင်အထူးပွဲကိုလည်း ပြသခဲ့ပါတယ်။ 

ဘော်စတွန်မြို့ကပြည်သူတွေနဲ့ တွေ့ဆုံရာမှာ NUG ရဲ့ ရှေ့ဆက်မယ့်လမ်းစဉ် အခြေအနေတွေကို ဒေါက်တာဆာဆာက ရှင်းလင်းခဲ့ပြီး စစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) က ဖမ်းဝရမ်းမြန်မြန်ထုတ်နိုင်ရေး ပြည်သူအားလုံး ဝိုင်းကြိုးစားကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ က “ဖမ်းဝရမ်းထုတ်နိုင်တယ်၊ မထုတ်နိုင်ဘူးဆိုတာက တရားရုံးရဲ့ တရားစီရင်ရေး လမ်းကြောင်းအတိုင်း သူ့ဟာသူသွားမှာဖြစ်တယ်။ အဲ့ဒီလိုဖမ်းဝရမ်းထုတ်နိုင်ဖို့အတွက် ICC က အမှုလိုက်သူအနေနဲ့ သူ့မှာ ခိုင်လုံတဲ့အထောက်အထားမရှိဘဲ တင်လို့မရဘူး။ အဲ့ဒီသက်သေအ ထောက်အထားကို ဘယ်သူမှ ငြင်းလို့မရဘူး။ ဆိုတော့ မကြာခင်မှာ ဖမ်းဝရမ်းထုတ်နိုင်ဖို့ကို အားလုံး ကြိုးစားရမှာဖြစ်တယ်နော်။ အားလုံးလည်းစဉ်းစားပါ၊ မင်းအောင်လှိုင်က လွတ်လွတ်လပ်လပ် သွားလို့မရအောင်၊ သူ့နေရာကတော့ ဖမ်းဝရမ်းထုတ်တဲ့နေရာ၊ အဲ့ဒါ သူ့ရဲ့နေရာ၊ ဖမ်းရမှာ။ ဖမ်းကိုဖမ်းရမှာ အမှုရင်ဆိုင်ရမှာ။ ဒါကတော့ ကျနော်တို့ဆက်လက်ပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်တယ်‌” လို့ ပြောပါတယ်။

NUG နဲ့ တော်လှန်ရေးအင်အားစုတွေက လက်ရှိ စစ်ကောင်စီခေါင်းဆောင်တွေကို ဖယ်ရှားနိုင်ရေးကိုသာ ဦးတည်ထားတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရှင်းလင်းနိုင်ရေးအထိ ရည်ရွယ်ထားတယ်လို့ ဘော်စတွန်မြို့ခံတွေရဲ့ မေးမြန်ချက်ကို ဖြေကြားရာမှာ ဒေါက်တာဆာဆာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ဒေါက်တာဆာဆာနဲ့ ပြည်သူတွေတွေ့ဆုံမှုအပြီးမှာ တော်လှန်ရေးရန်ပုံငွေရှာဖွေဖို့အတွက် “ဖြတ်” ရုပ်ရှင်အထူးပွဲကို ဆက်လက်ပြသခဲ့ပါတယ်။

အကယ်ဒမီ မင်းမော်ကွန်း (သရုပ်ဆောင်) က “ကျနော်တို့ တော်လှန်ရေးရန်ပုံငွေအတွက်ရိုက်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ လိုချင်တဲ့ ရည်ရွယ်ချက်၊ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို မရမချင်း ကျနော်တို့အားလုံးဆက်ပြီးတော့ ကြိုးစားနေရဦးမှာ။ ဒါ ကျနော်တို့ တယောက်ချင်းစီတိုင်းရဲ့ တာဝန်ပါပဲ။ ဆိုတော့ ကိုယ်တတ်ကျွမ်းတဲ့ထောင့်၊ ကိုယ်တတ်ကျွမ်းတဲ့ နေရာကနေပြီးတော့ ဆက်ပြီးတော့ အမြဲတမ်းပါဝင်နေဖို့လိုပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဝင်နေတဲ့ မြေပြင် PDF ရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဖြတ်” ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု မြို့အသီးသီးမှာ ဆက်လက်ပြသသွားမှာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို မြေပြင်က လိုအပ်နေတဲ့သူတွေဆီ တိုက်ရိုက်လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

“ဖြတ်” ရုပ်ရှင်အထူးပွဲနဲ့အတူ တော်လှန်ရေးအမှတ်တရပစ္စည်းတွေ လေလံတင်တာ၊ ရုပ်ရှင်အမှတ်တရပစ္စည်းတွေနဲ့ ရိုးရာအစားအစာတွေ ရောင်းချတာတွေလည်းပြုလုပ်ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013