DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
DVB
·
November 30, 2024
ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
Donate to DVB

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ ထက်ဝက်ကျော်ကို တော်လှန်ရေးတပ် တွေက သိမ်းထားနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ 

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (SOHR) ရဲ့ အဆိုအရ သူပုန်တပ် တွေဟာ ရပ်ကွက်တော်တော်များများ သိမ်းထားနိုင်ပြီလို့ သိရပါတယ်။  

အခုထိုးစစ်ဟာ ဒီနှစ်ပိုင်းတွေထဲမှာ ဆီးရီးယားအာဆတ်အစိုးရအပေါ် အကြီးဆုံး ထိုးစစ် ဖြစ်ပါတယ်။ 

၂၀၁၆ တုန်းက ရုရှားအကူအညီနဲ့ ဆီးရီးယားစစ်တပ်က တော်လှန်ရေးတပ်တွေကို အလက်ပိုမြို့ ကနေ မောင်းထုတ်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် မြို့ထဲပြန်ဝင်လာနိုင်တာဖြစ်ပါတယ်။

အစ္စလာမစ်စစ်သွေးကြွအဖွဲ့လို့ သတ်မှတ်ခံရတဲ့ တော်လှန်ရေးအဖွဲ့ ဟာယတ်တဟီရာ အယ်လ်ရှမ် (HTS) က တပ်ဖွဲ့ဝင်တွေ မြို့ထဲမှာ ကားတွေနဲ့ လှည့်လည်နေတဲ့ ဗီဒီယိုတွေ ပျံ့နှံ့နေပါတယ်။

ဒီဗီဒီယိုပါ နေရာဟာ အလက်ပိုမြို့ အနောက်ပိုင်း ဆင်ခြေဖုန်းဖြစ်တယ်လို့ အတည်ပြုနိုင်ပါတယ်။

ရုရှားက အာဆတ်အစိုးရအတွက် စစ်လက်နက်ပစ္စည်းတွေ ထပ်မံပေးပို့မှာဖြစ်ပြီး နောက် ၇၂ နာရီ အတွင်း စတင်ရောက်ရှိလာတော့မယ်လို့ ဆိုပါတယ်။ 

သူပုန်တွေ ဝင်ရောက်လာတဲ့ မြို့ထဲက အဓိကနေရာတွေကနေ "အန္တရာယ်ကင်းစွာ ဆုတ်ခွာဖို့" အမိန့်ကို ဆီးရီးယားစစ်တပ်က လိုက်နာဖို့ရှိတယ်လို့လည်း စစ်သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။ 

၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အာဆတ်အစိုးရက ရက်ရက်စက်စက်နှိမ်နင်းခဲ့ အပြီးမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းစစ်အတွင်း လူ ၅သိန်းကျော် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။ 

အာဆတ်အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံဟာ နိုင်ငံနယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ရုရှားနဲ့ သူ့မဟာမိတ်တွေက အာဆတ်အစိုးရဘက်က ကူတိုက်ပေးခဲ့အပြီးမှာ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ သိမ်းထားတဲ့ နေရာအများအပြား ပြန်လည်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ 

နောက်ဆုံးမှာတော့ အစ်ဒ်လစ်ဘ်ပြည်နယ်သာ တော်လှန်ရေးအဖွဲ့တွေ အခိုင်အမာ ခြေကုပ်ယူရာ အဖြစ် ကျန်ရှိခဲ့တာဖြစ်ပါတယ်။ 

အဲဒီနယ်ကို HTS အဖွဲ့က အများစုထိန်းချုပ်ထားပြီး တူရကီက နောက်ခံပေးထားတဲ့ အဖွဲ့တွေနဲ့ တူရကီတပ်ဖွဲ့တွေပါ ရှိနေပါတယ်။ အခုအခါမှ တော်လှန်ရေးတပ်ဖွဲ့တွေက တကျော့ပြန် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013