စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကင်မွန်းခြုံရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ ယောက်သေဆုံးခဲ့ပြီး ကလေးဝ-မော်လိုက်လမ်းကို နိုဝင်ဘာ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်လိုက်တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဆီကနေ သိရပါတယ်။
အဲဒီလမ်းပိုင်းတွေကို စစ်ကောင်စီကအသုံးပြုနေတာကြောင့် ကလေးဝနဲ့ မော်လိုက်ကြားက ကုန်းလမ်းရေလမ်း အားလုံးကို ပိတ်ပင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ဒီဘက်တွေက ပြည်သူတွေအတွက် စက်သုံးဆီတွေပိတ်ပင်ထားပြီးတော့ သူတို့ကတော့ အဲဒီ လမ်းပိုင်းတွေကနေ စက်သုံးဆီတွေနဲ့ ရိက္ခာတွေပို့နေတယ်။ စစ်ကြောင်းထိုးနေတာတွေလည်း ရှိနေတယ်။ အဓိကကတော့ သူတို့ရဲ့ပို့ဆောင်ရေးတွေကို ဟန့်တားချင်တာကြောင့်ရယ် စစ်ရေး အခြေအနေတွေကြောင့်ရယ် အခုလို ပိတ်လိုက်ရတာပါ။ တိုက်ပွဲတွေက အချိန်မရွေး ဖြစ်တာနိုင်တယ် တချို့နေရာတွေမှာက အခုချိန်အထိ တိုက်ပွဲဖြစ်နေတာတွေရှိတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာတွေရှိပြီး နှစ်ဖက်တိုက်ပွဲတွေလည်းပြင်းထန်နေသလို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ် လို့လည်း သူက ဆက်ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ကလေးမြို့ပေါ်က မြို့သာရပ်ကွက်၊ နယ်မြေအမှတ် ၅ စစ်ကောင်စီ တပ်စခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့နယ် အရှေ့တောင်ဘက်က ကင်မွန်းခြုံကျေးရွာနဲ့ ဥယျာဉ်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ကလေးမြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အကာအကွယ်ရှိတဲ့နေရာတွေကို ရွေးချယ်နေထိုင်ကြဖို့လည်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ကင်မွန်းခြုံကျေးရွာကို ကလေးမြို့အထိုင်စခန်းကနေ နိုဝင်ဘာ ၂၈ ညနေ ၆ နာရီကျော်က စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကင်မွန်းခြုံကျေးရွာက အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ရွာထဲကိုတည့်တည့်ကျတာ။ ဘာတိုက်ပွဲမှတော့ ဖြစ်တာမရှိဘူးရယ်။ စစ်တပ်က ကလေးမြို့ပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ နေ့တိုင်းလိုလိုပါပဲ။ အနီးဝန်းကျင်က ရွာတွေကတော့ ကိုယ့်ရွာထဲကိုယ် နေရတာတောင်လုံခြုံမှုမရှိဘူးဖြစ်နေရတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ကလေးမြို့နယ် လက်ပံချောင်းရွာကို အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၄ ယောက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်နယ်ပအဖအဖွဲ့ဝင်တယောက်က “သူတို့ဘက်က မြို့သိမ်းတိုက်ပွဲလုပ်မှာ ကြောက်နေတာလား။ ဒါမှမဟုတ် ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေတာလား ဘာပြောလို့ ပြောရမှန်းမသိ တော့ဘူးဗျာ။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ရေးပြင်ဆင်တာ ကျနော်တို့ သိရသလောက်ကတော့ ဘာမှမရှိဘူး။ အခုလည်း ကျနော်တို့ စစ်တပ်ကလက်နက်နဲ့ပစ်ခတ်တဲ့ နေရာကိုသွားရောက်ကူညီပေးခဲ့တယ်။ သေဆုံးသူက ဒေါ်ဇာဇာထွေး၊ အသက်က ၄၀ ဝန်းကျင်နဲ့ ကျန်တဲ့အမျိုးသမီးက ပေါင်မှာ ထိမှန်ဒဏ်ရာရတယ်။ ရွာထဲက လူနေအိမ်တွေလည်း တော်တော်များများ ပျက်စီးတာတွေရှိခဲ့တယ်” လို့ ပြောပါတယ်။
မြစ်သာမြစ်တဘက်ကမ်းက ကင်မွန်းခြုံရွာဟာ ဆက်သွယ်သွားလာရေးခက်ခဲပြီး ဒေသခံ အများစုကတော့ မိရိုးဖလာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။