
တောင်ကိုရီးယားနယ်စပ်ရှိ ဂင်မ်ဖိုမြို့အနီး မြင်ကွင်းကျယ် နက္ခတ်တာရာကြည့် အဆောက်အဦမှာ Starbucks အမေရိကန်ကော်ဖီဆိုင်ခွဲကို နိုဝင်ဘာ ၂၉ ရက်က စတင်ဖွင့်လှစ်လိုက်လို့ ရာနဲ့ချီတဲ့ စားသုံးသူတွေဟာ တန်းစီလာရောက်ပြီးတော့ မြောက်ကိုရီးယားဘက်ကို ရှုခင်းကြည့်ရင်း ကော်ဖီ သောက်သုံးခဲ့ကြပါတယ်။
ကော်ဖီဆိုင်ကို လာရောက်သူအများအပြားဟာ မြောက်ဘက်ရှိ နယ်မြေကို နောက်ခံထားပြီး Starbucks လိုဂိုပါ ခွက်တွေနဲ့ ဓာတ်ပုံရိုက်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။
ဂင်မ်ဖို ဒေသခံ အသက် ၄၈ နှစ်အရွယ် ဘဲ့ဟီးဆွန်းက “အဲဂျီဘုံ ငြိမ်းချမ်းရေး သဘာဝဥယျာဉ်မှာ Starbucks ကော်ဖီဆိုင်ခွဲ ဖွင့်တယ်ဆိုတဲ့ သတင်းကြားလို့ မနက် ၄ နာရီကတည်းက အိပ်ယာထပြီး ဒီကို စောစောလာပြီးတော့ ပထမဆုံး အော်ဒါယူချင်ခဲ့တာ”လို့ ပြောပါတယ်။
ဒီအရသာရှိတဲ့ ကော်ဖီကိုလည်း မျက်စေ့ရှေ့က မြောက်ကိုရီးယားမှာ နေထိုင်တဲ့လူတွေနဲ့ မျှဝေခံစားချင်ပါတယ်လို့လည်း ဆိုပါတယ်။
အရင်တုန်းကတော့ ဒီနေရာမှာ လုံခြုံရေးတင်းကျပ်ခဲ့ပေမဲ့ အခုတော့ ဒီကဖေးဆိုင်မှာ ကော်ဖီတခွက် သောက်ရင်း ခွဲခြားထားတဲ့ မြောက်ကိုရီးယားနိုင်ငံကို လှမ်းကြည့်ရတာဟာ စိတ်အေးချမ်းသာရှိတယ်လို့ ခံစားမိကြောင်းလည်း သူက ဆိုပါတယ်။
ဆိုးလ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀ အကွာရှိ စစ်မဲ့ဇုန်ရဲ့ တဖက် မြောက်ကိုရီးယား နယ်စပ်မှာတော့ စစ်တပ်အင်အား ထူထူထပ်ထပ် ချထားပါတယ်။
ဒီကော်ဖီဆိုင်ဟာ ပန်မွန်ဂျုံ အပစ်အခတ်ရပ်စဲရေးရွာလိုမျိုး နယ်စပ်တလျှောက်ရှိ နာမည်ကြီး ခရီးသွားနေရာတွေထက် လူသိနည်းပြီး စစ်တပ်အင်အားချထားမှု နည်းပေမဲ့ ကော်ဖီဆိုင် ထွက်ပေါက်ကို သွားရာလမ်းရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ဖြတ်သန်းရမှာဖြစ်ပါတယ်။
လတ်တလောနှစ်ပိုင်းတွေအတွင်း ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေခဲ့ပေမဲ့ စစ်မဲ့ဇုန် (DMZ) ဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် ဖြစ်နိုင်စရာ မရှိဘူးလို့ ထင်ထားတဲ့ လည်ပတ်စရာနေရာ ဖြစ်လာပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု ရထားတဲ့ Starbucks ကော်ဖီဆိုင်ဟာ နယ်စပ်ဒေသရဲ့ မှောင်မိုက်ပြီး စိတ်ပျက်ဖွယ်ကောင်းတဲ့ ပုံရိပ်ကို လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ခရီးသွားနေရာတခု ဖြစ်လာနိုင်တယ်လို့ ဂင်မ်ဖိုမြို့တော်ဝန် ဂင်မ်ဗြောင်ဆူးက ယုံကြည်ထားပါတယ်။
မြစ်ကမ်းနံဘေးက ကဖေးအသစ်ရဲ့ တည်နေရာကို ပြန်လည်မွမ်းမံ ပြင်ဆင်သွားမှာဖြစ်ကြောင်းနဲ့ နုပျိုတောက်ပပြီး နွေးထွေးမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ရရှိစေနိုင်တယ်လို့ မြို့တော်ဝန်ဂင်မ်က သတင်းထောက်တွေကို ပြောပါတယ်။
Starbucks ကော်ဖီဆိုင်တွေကို တောင်ကိုးရီးယားနိုင်ငံ နေရာအနှံ့မှာ ဖွင့်လှစ်ထားပြီး ၂၀၂၄ ခုနှစ် တတိယ ၃ လပတ်အထိ ဆိုင်ပေါင်း ၁,၉၈၀ ဆိုင် ရှိပါတယ်။
Source : Reuters











