
ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသကို စစ်မဲ့ဇုန်အဖြစ် ထိန်းသိမ်းထားဖို့နဲ့ ဒရုဇ် ဒေသခံတွေကို ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဆီးရီးယားကို အစ္စရေးက တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇူလိုင် ၁၅ ရက်မှာ အနောက်ဘက်ကမ်း ဂျော်ဒန်ချိုင့်ဝှမ်းရှိ စစ်အခြေစိုက်စခန်းကို လာရောက်ချိန်အတွင်း ပြောကြားခဲ့ပါတယ်။
နေတန်ယာဟုဟာ သူ့ရဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ “ကျနော်တို့က ဆီးရီးယားမှာ စစ်ဆင်ရေး လုပ်ဆောင်နေတာဖြစ်ပြီး အစ္စရေးနဲ့ နယ်နိမိတ်ချင်း ထိစပ်တဲ့ ဆီးရီးယား အနောက်တောင်ပိုင်းကို လက်နက်မဲ့ဇုန်အဖြစ် ထိန်းသိမ်းထားဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အဲဒီဒေသကို ဒုတိယ လက်ဘနွန်လို ပြန်လည်ဖွဲ့စည်းလာမယ့် အခြေအနေကို လက်မခံနိုင်ကြောင်းနဲ့ ဒရုဇ် လူနေရပ်ကွက်က နေထိုင်သူတွေကိုလည်း ကာကွယ်ဖို့ တာဝန်ရှိတယ်” လို့ ပြောသွားပါတယ်။
အစ္စရေးဟာ ဒီတာဝန်တွေကို တင်းကျပ်တဲ့ စစ်ဆင်ရေးတွေအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး နောက်ထပ် စစ်ဆင်ရေးတွေ မလုပ်ရဖို့ မျှော်လင့်ကြောင်းနဲ့ ဒါကလည်း ဒမတ်စကပ်မှာ ဘာတွေ နားလည်ထားတယ်၊ ဘာတွေလုပ်သလဲ၊ ဘာတွေမလုပ်ဘူးလဲ ဆိုတာပေါ်မှာ မူတည်နေတယ် လို့လည်း နေတန်ယာဟုက ဆိုပါတယ်။
အစ္စရေးဟာ အင်္ဂါနေ့က ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ဆီးရီးယားအစိုးရတပ်တွေကို ဒုတိယအကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံတောင်ပိုင်းကို နောက်ဆုံးတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် အစ္စရေးမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒရုဇ်လူနည်းစု အပါအဝင် ဆီးရီးယားနိုင်ငံသား အားလုံးကို ခြွင်းချက်မရှိ အကာအကွယ်ပေးဖို့ အလေးထားကြောင်းလည်း ဝန်ကြီးဌာနက ပြောပါတယ်။
ဒရုဇ်လူမျိုးစုတွေ အများစုနေထိုင်ကြတဲ့ ဆွေ့ဒါးမြို့မှာ ဘာသာရေးပေါင်းစုံမှုကြောင့် ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ တဖြည်းဖြည်း များပြားလာတာဟာ ဒီဇင်ဘာလတုန်းက အာဏာရှင်ဟောင်း ဘာရှား အယ်လ် အာဆတ် ပြုတ်ကျသွားပြီးကတည်းက ယာယီသမ္မတ အာမဒ် အယ်လ် ရှာရာ အနေနဲ့ အစ္စရေးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အဲဒီဒေသမှာ ထိန်းချုပ်ခွင့်ကို ထူထောင်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေတာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source: Reuters











