
ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဇုန် (DMZ) အတွင်း ကင်းထောက်တာဝန် ထမ်းဆောင်နေရင်း စစ်သည် ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပေါက်ကွဲမှုအပြီးမှာ မြင်တွေ့ရတဲ့ နောက်ဆက်တွဲ ဓာတ်ပုံတွေကို စက်တင်ဘာ ၂၈ ရက်မှာ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ ဒဏ်ရာရစစ်သည်တယောက်ကို အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ပြီး ရဟတ်ယာဉ်နဲ့ တင်ဆောင်နေတဲ့ ပုံတွေလည်း ပါဝင်ပါတယ်။
အဲဒီပုံတွေမှာ ပထမနဲ့ ဒုတိယ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေ၊ ထိခိုက်ဒဏ်ရာရသူဆီ ဆင်းသွားတဲ့ ကယ်ဆယ်ရေးသမားနဲ့ ဒဏ်ရာရသူကို ရဟတ်ယာဉ်ပေါ် မတင်ခင် ကယ်ဆယ်ရေး လုပ်ဆောင်နေပုံတွေကို ဖော်ပြထားပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ တိကျတဲ့ ရက်စွဲနဲ့ နေရာကိုတော့ စစ်တပ်က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
တောင်ကိုရီးယားစစ်သား ၂ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ အဲဒီပေါက်ကွဲမှုတွေဟာ မြောက်ကိုရီးယားရဲ့ မြေမြှုပ်မိုင်းကြောင့် ဖြစ်ပွားဖို့ “ရာခိုင်နှုန်း အတော်များတယ်” လို့ စစ်တပ်က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ၂ နိုင်ငံကို ခြားထားတဲ့ ၄ ကီလိုမီတာ အကျယ်ရှိ DMZ ရဲ့ အနောက်ဘက်ခြမ်းမှာ တောင်ကိုရီးယား စစ်ဘက်အဖွဲ့က ကင်းထောက်လုပ်ငန်း လုပ်ဆောင်နေချိန် စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ကြပ်မတ်နေတဲ့ တောင်ကိုရီးယား စစ်တပ်နဲ့ ကုလသမဂ္ဂ ကွပ်ကဲရေးဌာနတို့ဟာ နယ်စပ်ဧရိယာအတွင်းမှာ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
Source: Reuters










