
မြောက်ကိုရီးယားဟာ နှစ်နိုင်ငံကြား နယ်နိမိတ်ခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) အတွင်း အရင်က မရှိခဲ့ဘူးတဲ့ စစ်ရေးပြင်ဆင်မှုတွေကို အခိုင်အမာ ပြုလုပ်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးကြမယ်လို့ တောင်းဆိုလိုက်ပါတယ်။
၁၅ ကြိမ်မြောက် ဆိုးလ်ကာကွယ်ရေးဆွေးနွေးပွဲ (SDD) ညီလာခံမှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂယူဘက်ခ်က ပြောကြားရာမှာ မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ်ကတည်းက တောင်ကိုရီးယားနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ဖို့အတွက် သံဆူးကြိုး ၃ ထပ်ခတ်တာ၊ ကာကွယ်ရေးတံတိုင်းတွေ ဆောက်တာနဲ့ မိုင်းထောင်တာတွေကို အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီကိစ္စဟာ ကိုရီးယားကျွန်းဆွယ်တင် မဟုတ်ဘဲ နိုင်ငံတကာအသိုက်အဝန်းအပေါ်ပါ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကြောင့် “ရန်စောင်နေတဲ့ နှစ်နိုင်ငံ” ကြားက ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ဆွေးနွေးပွဲတွေအပြင် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်သွားဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ပြောပါတယ်။
သူ့ရဲ့ ပြောကြားချက်တွေဟာ မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးဝန်ကြီးသစ် ဂင်မ်ဆုန်းဂီက တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရန်စမှုတခုအဖြစ် စွပ်စွဲ ပြောဆိုခဲ့ပြီး နောက်တရက်အကြာမှာပဲ ထွက်ပေါ်လာတာပါ။
အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဘက်က စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေ ထပ်လုပ်လာမယ်ဆိုရင် “ပြင်းထန်ပြီး ပြတ်သားတဲ့ တုံ့ပြန်မှုတွေ” ပြုလုပ်သွားမယ်လို့ ဂင်မ်ဆုန်းဂီက KCNA သတင်းဌာနကနေတဆင့် သတိပေး ပြောဆိုခဲ့ပါတယ်။
အခုကျင်းပနေတဲ့ ၂၀၂၆ ဆိုးလ်ကာကွယ်ရေးဆွေးနွေးပွဲမှာ ကမ္ဘာ့လုံခြုံရေးကိစ္စရပ်တွေ ဆွေးနွေးဖို့အတွက် နိုင်ငံပေါင်း ၆၇ နိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက တက်ရောက်သူ ၁,၀၀၀ နီးပါး ပါဝင်မှာဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံ ၄ ခုက ကာကွယ်ရေးဝန်ကြီးတွေနဲ့ နိုင်ငံ ၆ ခုက ဒုတိယကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်ကြမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source: Reuters











