DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် ရိက္ခာပြတ်၍ ထွက်ပြေးလာသည့် ပြည်သူ့စစ်ခေါင်းဆောင်အမျိုးသမီး သေဆုံး
DVB
·
September 12, 2026
Photo: စစ်ရေးသတင်းရင်းမြစ်
Photo: စစ်ရေးသတင်းရင်းမြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာ အထိုင်စခန်းကနေ ရိက္ခာပြတ်လို့ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်မြတ်မွန် ဆိုသူဟာ အာဟာရပြတ်လပ်ပြီး အူယောင်ငန်းဖျားရောဂါနဲ့ ဆေးကုသပေးနေစဉ် သေဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ပလိုင်းကျေးရွာမှာ တပ်စွဲထားစဉ်အတွင်း ဒေသခံတွေကို စည်းရုံးသိမ်းသွင်း ပြီး စစ်သင်တန်းတွေပေးကာ ပြည်သူ့စစ်အဖြစ် အသုံးပြုခဲ့တာပါ။ 

အဲဒီစခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ၁ နှစ်ခန့်သာ ထိန်းချုပ်နိုင်ခဲ့ပြီး ၄ နှစ် လောက် ပိတ်ဆို့ခံခဲ့ရတာမို့ ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာလို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က လေကြောင်းကနေတဆင့် တပတ်ကို တကြိမ် ရိက္ခာနဲ့ ခဲယမ်းတွေ ချပေးပေမဲ့ စခန်းက စစ်ဗိုလ်တွေဟာ မမြတ်မွန် အပါအဝင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပြည်သူတွေကို မိသားစုတစုလျှင် တရက်ကို ဆန်တဘူးနှုန်းပဲ ခွဲဝေပေးခဲ့ပါတယ်။ ဒါကြောင့် အာဟာရ ပြတ်လပ်မှုကို မခံနိုင်တော့တဲ့အတွက် လွန်ခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့က ဒေါ်မြတ်မွန် အပါအဝင် ကလေးနဲ့ လူကြီး ၃၀ ခန့်ဟာ စခန်းကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီလို ထွက်ပြေးတဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီး ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်မြတ်မွန်ဟာ အာဟာရ ချို့တဲ့ပြီး အင်အားပြတ်လပ်ကာ အူယောင်ငန်းဖျားရောဂါ ဖြစ်ပွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က ဆေးကုသပေးနေစဉ် စက်တင်ဘာ ၁၀ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပကဖနဲ့ နီးစပ်သူတယောက်က "ကြာတော့ ရိက္ခာပြတ်ပြီး ငတ်လို့ ထွက်ပြေး လာတာ၊ စစ်ကြောင်းထိုးတုန်းက ခိုးလာတဲ့ ရိက္ခာနဲ့ လေယာဉ်နဲ့ ချပေးတာတွေတော့ ရှိတယ်၊ အဲ့ဒါတွေကို ပြည်သူ့စစ်တွေနဲ့ ပြည်သူတွေက ငွေရှိရင် ငွေနဲ့ စစ်ဗိုလ်ဆီကို ပြန်ဝယ်ရတာ၊ ရွှေရှိရင် ရွှေနဲ့ လဲရတာ၊ ဘာမှမရှိရင် မိသားစုတစု ဘယ်နှယောက်ရှိရှိ တရက် ဆန်တဘူး ပေးတာ၊ ကြာတော့ အာဟာရပြတ်ပြီး ရောဂါဖြစ်တာ။ မိတဲ့သူတွေ အကုန်လုံးကလည်း အားပြတ် ပိန်လှီ ရောဂါသည် တွေချည်းပဲ၊ မစားရမသောက်ရနဲ့ ရောဂါရလို့ ဆေးကုဖို့ ထွက်ပြေးတာ၊ အညံ့ခံဖို့ မဟုတ်ဘူး။ သူတို့ကသာ စစ်တပ်ကို အသေခံပြီး ကာကွယ်နေတာ၊ စစ်တပ်က သူတို့ကို လူလို မဆက်ဆံဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဖမ်းမိတဲ့သူတွေ အကုန်လုံး ကောင်းမွန်စွာ ဆေးကုပေးနေတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် စခန်းစွန့်ခွာ ထွက်ပြေးကြတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီးတွေအပြင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ပါ အပြင်းအထန် လိုက်လံ ဗုံးကြဲ ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါ အသေခံ ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပလိုင်းကျေးရွာက စစ်ရှောင်ပြည်သူ အသက် ၅၅ နှစ်ခန့်အရွယ် အမျိုးသားတယောက် ဗုံးစထိမှန် သေဆုံးခဲ့သလို၊ အခြား အမျိုးသားနဲ့ အမျိုးသမီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013