မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာအထိုင်ချ တပ်ဆွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းကို နိုဝင်ဘာ ၂၉ ရက် မနက် ၈ နာရီလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်နီပျူရွာဟာ မြိုင်မြို့နဲ့ ၆ မိုင်ကွာဝေးပြီး အိမ်ခြေက ၇၀၀ လောက်ရှိကာ တရွာလုံးနီးပါးကို စစ်တပ်က လက်နက်တပ်ဆင်ပေးပြီး စစ်သားတွေက လုံခြုံရေးယူပြီး စခန်းချနေထိုင်တဲ့ ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“တိုက်ပွဲက အပြန်အလှန်ပစ်ကြတာပါ။ PDF ဘက်က သွားပစ်တာပါ၊ မပစ်လို့လည်း မရဘူးလေ။ သူတို့က ရွာအတွင်းမှာ ရိက္ခာပြတ်နေကြပြီ။ အဲလို ရိက္ခာပြတ်တိုင်း ကျမတို့ ရွာတွေစီကို စစ်ကြောင်းထိုးပြီး ရိက္ခာလုတာတွေ အကြိမ်ကြိမ်လုပ်တယ်။ ခုနောက်ပိုင်း သူတို့ဘက်က စစ်ကြောင်းမထိုးနိုင်လို့ ကျမတို့ရွာတွေလည်း အေးအေးချမ်းချမ်း နေထိုင်နေတာ။ တိုက်ပွဲကတော့ မဖြစ်စေချင်ပါဘူး။ ပျူတွေလည်း ဒီဘက် ပြည်သူ့ကာကွယ်ရေးတပ်က အလင်းဝင်ပေးဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်နေတာ တွေ့နေရတယ်။ သူတို့အနေနဲ့ ဒီ ပြည်သူဘက်ကို အလင်းဝင်ရောက်လိုက်ရင်ပဲ ပွဲက ပြီးနေတာကို” လို့ ကန်နီရွာအနီးက ပြည်သူတယောက်က ပြောပါတယ်။
အခုတိုက်ပွဲအတွင်း စစ်ေကာင်စီနဲ့ ပျူစောထီးဘက်က ၆ ယောက် ဒဏ်ရာရရှိပြီး ၂ ယောက် သေဆုံးတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“တိုက်ပွဲက မနက်ခင်း ၈ နာရီကနေ ၉ ခွဲလောက်အထိ ကြာခဲ့တယ်ဗျ။ သူတို့ဘက်က ၂ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိတယ်လို့ ဖရဲသီးထံကနေ သတင်းအတိအကျ ရထားတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး။ ကန်နီပျူတွေအနေနဲ့ ကျနော်တို့ဘက်ကို မြန်မြန်ပူးပေါင်းကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” လို့ ကန်နီဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုဗစ်တာက ပြောပါတယ်။
အခုတိုက်ပွဲကို တပ်ရင်း ၆၊ တပ်ရင်း ၇ နဲ့ နယ်မြေခံမဟာမိတ်အဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကန်နီပျူရွာက ပျူစောထီးတွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသူ ၃ လအတွင်း ၂၀၀ ကျော်အထိ ရှိလာနေပြီလို့ သိရပါတယ်။