
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးမှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ကလေးတွေ အပါအဝင် စစ်ဘေးရှောင် ၁၆ ယောက်ကို မနေ့ နိုဝင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငါးသိုင်းချောင်းမြို့ ရွှေယဉ်ပျော်ကျေးရွာအနီး တောစပ်တနေရာမှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာ မှန်တယ်၊ ကလေးတွေလည်းပါတယ်။ ဟိုဘက်မှာ တိုက်ပွဲပြင်းထန်နေတော့ ထွက်ပြေးလာတာလို့ သိရတယ်။ တပ်ကဖမ်းထားတာ။ မှတ်ပုံတင်အရတော့ တောင်ကုတ်ကလို့ သိရတယ်။ ဘယ်ခေါ်သွားတယ်ဆိုတာတော့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ စစ်ဘေးရှောင် ၁၆ ယောက်ထဲမှာ ကလေးငယ် ၆ ယောက်၊ အသက် ၁၈ နှစ်ကနေ ၂၈ အထိ အမျိုးသား ၅ ယောက်၊ အသက် ၂၀ ကျော်ကနေ ၃၅ ဝန်းကျင်အထိ အမျိုးသမီး ၅ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေထဲက အမျိုးသား ၅ ယောက်ကို စစ်ကောင်စီတပ်က သီးသန့် စစ်ကားနဲ့ ခေါ်သွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် အမျိုးသားတယောက်ကို အကြမ်းဖက်ဥပဒေနဲ့ ရေကြည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။