DVB Logo
Home
မြန်မာသတင်း
တရုတ်အစိုးရ၏ မှားယွင်းသည့် မူဝါဒကို လက်မခံကြောင်း ကမ္ဘာလုံးဆိုင်ရာ ဆန္ဒထုတ်ဖော်မည်
DVB
·
November 29, 2024
တရုတ်အစိုးရ၏ မှားယွင်းသည့် မူဝါဒကို လက်မခံကြောင်း ကမ္ဘာလုံးဆိုင်ရာ ဆန္ဒထုတ်ဖော်မည်
Donate to DVB

တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒကိုလက်မခံကြောင်း ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၇ ရက်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်သွားမယ်လို့ နိုင်ငံတကာရောက်မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေပြုလုပ်ဖို့ အစည်းအဝေး ၃ ကြိမ်ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုတွေ စတင်မယ့် ဒီဇင်ဘာ ၇ ရက်နေ့ကို Global Campaing Day အဖြစ်သတ်မှတ်ထားပြီး ဒီဇင်ဘာ ၁ လလုံးကို ကမ်ပိန်းလအဖြစ် သတ်မှတ်ထားတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Save Myanmar- USA အဖွဲ့ဝင် ဦးရင်အေးက  “မြေပြင်လှုပ်ရှားမှုမှာတော့ ပြည်တွင်းပြည်ပ အကုန်ပါမယ်၊ တချိန်တည်း တပြိုင်တည်းမှာ ၇ ရက်နေ့က စပြီးတော့ ဆန္ဒပြပွဲတွေ လုပ်သွားကြမယ်။ တရုတ်ပြည်သူကို မုန်းတီးရေးမဟုတ်ဘဲနဲ့ တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီအတွက် မြန်မာပြည်သူရဲ့အသံကို ဖော်ပြကြမှာ။ ဆန္ဒပြပွဲမှာ ထုတ်မယ့်ကြေညာချက်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ တစောင်တည်းထွက်အောင်ရေးနေတယ်၊ ကြွေးကြော်သံတွေ၊ ပိုစတာတွေကအစ အားလုံးတညီတညာဖြစ်အောင် လုပ်ကြဖို့ ပြင်ဆင်ထားတယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒကို လက်မခံကြောင်း ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို နည်းလမ်း ၃ ခုနဲ့ ဖော်ဆောင်သွားမှာဖြစ်ပြီး ပထမနည်းလမ်းအနေနဲ့ ဒီပလိုမက်တစ်နည်းလမ်းကျ စည်းရုံးရေးလုပ်ငန်းအဖြစ် တရုတ်အပါအဝင် ကုလ၊ နိုင်ငံတကာနဲ့ အဖွဲ့အစည်းအသီးသီးကို စာတွေပေးပို့တာ၊ လုပ်ငန်းအဖွဲ့က အချိန်နဲ့တပြေးညီ စာတွေထုတ်ပြန်တာ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

ဒုတိယနည်းလမ်းအဖြစ ဆိုရှယ်မီဒီယာတွေကနေ နိုင်ငံတကာက တရုတ်သံရုံးတွေနဲ့ အစိုးရအဖွဲ့အထိ မြန်မာပြည်သူတွေရဲ့ သတင်းစကားတွေရောက်အောင် တူညီတဲ့ မက်ဆေ့တွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။

တတိယနည်းလမ်းကတော့ ပြည်တွင်းပြည်ပမှာ မြေပြင်ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ကြဖို့ ဖြစ်ပါတယ်။

လှုပ်ရှားမှုဦးဆောင်သူတယောက်က “ဝါရှင်တန်ဒီစီ မြန်မာသံရုံးမျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ်သံအမတ်နေအိမ်ရှေ့ကနေ စတင်ဆန္ဒပြသွားမယ်။ အဓိက မက်ဆေ့က တရုတ်နိုင်ငံရဲ့ ပေါ်လစီက လုံးဝမှားယွင်းနေတဲ့အကြောင်း၊ သူ့တို့ရဲ့ ပေါ်လစီကိုမပြောင်းရင် ပြည်သူတွေရဲ့ မုန်းတီးမှုဟာ ဘယ်တော့မှ ပြန်ပြင်လို့မရတော့တဲ့ မုန်းတီးမှုမျိုးဖြစ်သွားမယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်ဆက်ဆံရေးဟာ အကျိုးမဲ့သွားနိုင်တယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေတည်ရှိတဲ့ ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျယ်လိစ် စတဲ့ အဓိကနေရာ ၄ ခုမှာ လှုပ်ရှားမှုတွေ စတင်မှာဖြစ်ပြီး မြန်မာအများစုနေထိုင်တဲ့ ဗာဂျီးနီးယား၊ ပန်ဆယ်ဗေးနီးယား၊ ဒလာဝဲ၊ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ၊ ကန်တက်ကီ၊ တန်နဆီ၊ ဖို့ဝိန်း စတဲ့ နေရာတွေက မြန်မာတိုင်းရင်းသားတွေ ဝါရှင်တန်ဒီစီမှာ လာရောက်စုစည်းသွားကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013