
အမေရိကန်မှာ ကျင်းပတဲ့ G20 ဘဏ္ဍာရေးအစည်းအဝေးမှာ ရုရှားဘဏ္ဍာရေးဝန်ကြီး ရောက်လာမယ်လို့ မမျှော်လင့်ထားတဲ့ ဝန်ကြီးတချို့ဟာ အစည်းအဝေးစားပွဲမှာ သူ့ကိုတွေ့လိုက်ရလို့ အံ့အားသင့်ပြီး မကျေမနပ်ဖြစ်ခဲ့ပါတယ်။
မြောက်ကာရိုလိုင်းနားပြည်နယ် အက်ရှ်ဗီးလ်မြို့မှာ ဩဂုတ် ၃၁ ရက်က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့တ်ဘက်ဆန့်က အစည်းအဝေးဖွင့်ချိန်မှာ ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန် ဆီလူအာနော့ဗ်ကို G20 စားပွဲမှာ ထိုင်နေတာ တွေ့ခဲ့ကြတာပါ။
ဆီလူအာနော့ဗ်ဟာ ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် G20 ဘဏ္ဍာရေး အစည်းအဝေးကို ပထမဆုံးအကြိမ် လူကိုယ်တိုင် တက်ရောက်တာ ဖြစ်ပါတယ်။
ပိုလန်ဘဏ္ဍာရေးဝန်ကြီး အန်ဒရေဒိုမန်စကီက “ရုရှားကို ကျနော်တို့ မယုံဘူး။ သူတို့က အမြဲလိမ် နေတယ်” လို့ ရိုက်တာကို ပြောပါတယ်။
ဂျာမနီဘဏ္ဍာရေးဝန်ကြီး လားစ်ကလင်းဘိုင်းလ်ကလည်း ရုရှားဝန်ကြီးကို သာမန်ဧည့်သည် တယောက်လို လက်ခံတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဥရောပအရာရှိတွေက ဆီလူအာနော့ဗ်နဲ့အတူ G20 ရိုးရာအဖွဲ့ဓာတ်ပုံ ရိုက်ဖို့လည်း ကန့်ကွက်ခဲ့တာ ကြောင့် နောက်ဆုံးဓာတ်ပုံမှာ သူ မပါဝင်ခဲ့ပါဘူး။
ဆီလူအာနော့ဗ်နဲ့ ဘက်ဆန့်တို့ သီးခြားတွေ့ခဲ့ပြီး ဒေါ်နယ်ထရမ့်ပ်ရဲ့ ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်ကို အဓိက ဆွေးနွေးခဲ့ပါတယ်။
စစ်ပွဲမပြီးမချင်း ရုရှားအတွက် စီးပွားရေးသက်သာခွင့် ဒါမှမဟုတ် တခြားသဘောတူညီချက်တွေ မဖြစ်နိုင်ဘူးလို့ ဘက်ဆန့်က ပြောခဲ့ကြောင်း ဆွေးနွေးမှုနဲ့ နီးစပ်သူတယောက်က ရိုက်တာကို ပြောပါတယ်။
ဒါ့အပြင် သတင်းထောက်တချို့ကို အစည်းအဝေးဝင်ခွင့်မပေးခဲ့တာကြောင့်လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
Source:Reuters











