
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အတွင်း အလုပ်သမားဝန်ကြီး ၅ ယောက် အထိ ပြောင်းလဲခဲ့ပေမဲ့ အလုပ်သမားတွေအတွက် ဖူလုံတဲ့ လုပ်ခလစာ မရရှိသေးသလို စုပေါင်း တောင်းဆိုတာတွေလည်း ဆက်ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အခြေခံစားသောက်ကုန်နဲ့ လူနေစရိတ်တွေ အဆမတန် မြင့်တက်လာပေမဲ့၊ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကိုတော့ ပြန်လည်သတ်မှတ်တိုးမြှင့်ပေးတာ မရှိခဲ့ပါဘူး။
တရိပ်ရိပ်ကနေ အဆမတန်တက်လာတဲ့ ကုန်ဈေးနှုန်းကြားမှာ စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေဟာလည်း ပိုမိုခက်ခဲကျပ်တည်းလာနေပါတယ်။
ဒီအခြေအနေတွေကြောင့် ၂၀၂၆ ခုနှစ် ဇွန်လအတွင်းမှာပဲ Bontech အထည်ချုပ်စက်ရုံ၊ Myanmar Chaofa လယ်သာအိတ်ချုပ်စက်ရုံနဲ့ Chi Sheng အထည်ချုပ်စက်ရုံတွေမှာ လုပ်ခတိုးမြှင့်ပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။
ဒီတောင်းဆိုမှုတွေမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းမှု ရရှိခဲ့ပေမဲ့လည်း လက်ရှိ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ လုပ်ခနှုန်းထား မဟုတ်သေးဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ အနိမ့်ဆုံးလုပ်ခ တရားဝင်တိုးမြင့်ပေးဖို့ကို စစ်အာဏာရှင်၊ အလုပ်ရှင်နဲ့ အလုပ်သမား ၃ ပွင့်ဆိုင် ဆွေးနွေးနိုင်တဲ့ အခြေအနေ မရှိသေးတာကြောင့် မြေပြင်မှာ စုပေါင်းတောင်းဆိုမှုတွေ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။
MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေအရဆိုရင် အနိမ့်ဆုံးလုပ်ခ လစာတိုးပေးဖို့ဆိုတဲ့ တရားဝင်ဆွေးနွေးဖို့ဆိုတာ တော်တော်လေး ခက်ခဲတဲ့အခြေအနေလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ တဖက်မှာလည်း ကျနော်တို့က နိုင်ငံရေး ပြဿနာကလည်း မပြေလည်သေးဘူး။ ဒါ့အပြင် အာဆီယံ ဘုံသဘောညီချက် ၅ ရပ်ကို လိုက်နာ အကောင်အထည်ဖော်ခြင်း မရှိတာကို ကျနော်တို့က တွေ့နေရတယ်။ ဒီလို နိုင်ငံရေး မပြေလည်ရခြင်းရဲ့ နောက်ဆက်တွဲတွေအရ ကျနော်တို့က အနိမ့်ဆုံး လုပ်ခလစာ တိုးပေးဖို့ ဆွေးနွေးပွဲတွေကို တရားဝင် မစတင်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အရေးတကြီး ကျနော်တို့ ဆွေးနွေးဖို့ လိုတာက လက်ရှိ အလုပ်သမားတွေကို ပေးနေတဲ့ လုပ်ခလစာကို ဘယ်လို ပုံစံနဲ့ သုံးသပ်ကြမှာလဲ။ စစ်တမ်းတွေကို ဘယ်လို ကောက်ခံမှာလဲ။ အများကြီး လုပ်ရဦးမှာ ဖြစ်ပါတယ်။ MICS အဖွဲ့ချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်တွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေ အရဆိုရင် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားတခု ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သုံးသပ်ရမှာပါ”လို့ ပြောပါတယ်။
လက်ရှိမှာ စက်ရုံအများစုက ၂၀၁၈ ခုနှစ်က သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခ ကျပ် ၄,၈၀၀ အပေါ် အခြေခံတွက်ချက်နေတာ ဖြစ်ပါတယ်။
အချိန်ပိုကြေးနဲ့ အပိုထောက်ပံ့ကြေးတွေ အပါအဝင် ရရှိတဲ့ လုပ်ခနှုန်းထား ငွေကျပ် ၁၂,၅၀၀ ဝန်းကျင်ဟာ လက်ရှိ ကုန်ဈေးနှုန်းနဲ့ မကိုက်ညီဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ အိမ်ငှားခနဲ့ လူနေစရိတ်တွေ မြင့်တက်နေပြီး၊ တရက်လုပ်အားခ ငွေကျပ် ၁၅,၀၀၀ ဝန်းကျင် ရရှိရင်တောင် နေစရိတ်နဲ့ စားစရိတ်အတွက်သာ ကုန်ဆုံးသွားတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အမျိုးသမီး စက်ရုံအလုပ်သမားတယောက်ကလည်း သူ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲကို ပြောပြပါတယ်။
အမျိုးသမီး စက်ရုံအလုပ်သမားတယောက်က “တလကို ကျပ် ၅ သိန်းဝန်းကျင်၊ ဒီလဆို ကျပ် ၅ သိန်းခွဲလောက် ထွက်တယ်။ ကျပ် ၅ သိန်းခွဲထွက်ပေမဲ့ ကိုယ့်ဆပ်ရမဲ့ ပိုက်ဆံ သူများကို အတိုးပေးလိုက်၊ ချေးထားတဲ့ ပိုက်ဆံ ပြန်ဆပ်ရတာပေါ့။ အိမ်လခနဲ့ ဘာနဲ့ဆို ၈ သိန်း၊ ၉ သိန်းလောက် ရှိတယ်။ ဘာလို့လဲဆိုတော့ ကလေး ကျောင်းစရိတ် ရှိတယ်။ အိမ်လခ ရှိတယ်။ စားဝတ်နေရေးအတွက် စားဖို့သောက်ဖို့လည်း ရှိတယ်။ အပွင့်လင်းဆုံး ပြောရင်တော့ တရက် လုပ်အားခ ကျပ် ၁၈,၀၀၀ နဲ့ အိုတီကြေး တိုးစေချင်တယ်။ အခုက ကုန်ဈေးနှုန်းတွေက အရမ်းတက်နေတော့ ဘယ်လိုမှ လိုက်လို့ မမီဘူး”လို့ ပြောပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ လုပ်အားခ မရရှိသေးသရွေ့ စက်ရုံအလုပ်သမားတွေရဲ့ လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုမှုတွေ ဆက်လက် ရှိနေဦးမယ်လို့ သုံးသပ်ထားကြပါတယ်။
လက်ရှိမှာတော့ သုံးပွင့်ဆိုင်ယန္တရား ရပ်တန့်နေဆဲ ဖြစ်တာကြောင့် ပြည်တွင်းမှာ တရားဝင် အနိမ့်ဆုံးလုပ်ခ ပြန်လည်သတ်မှတ်နိုင်မဲ့ အနေအထား မရှိသေးဘဲ၊ အလုပ်သမားအဖွဲ့အစည်းတွေကတော့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေနဲ့ နှစ်ပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။










