
စစ်တပ်ကအာဏာသိမ်းပြီးကတည်းက နေ့ရောညပါ လုံခြုံရေးစိုးရိမ်နေရတဲ့ ရန်ကုန်မြို့မှာ စက်ရုံ တွေကနေ ညဘက်မှပြန်ရတဲ့အလုပ်သမားတွေ အဓမ္မပေါ်တာဆွဲခံရတဲ့ အန္တရာယ်ကို ကြုံနေရ ပါတယ်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံတို့လို မြို့ပြင်ကစက်မှုဇုန်တွေမှာ ညပိုင်းအလုပ်ဆင်းချိန်၊ အချိန်ပိုဆင်းပြီးပြန်လာချိန်တွေမှာ လူငယ်အလုပ်သမားတွေကို စောင့်ဆိုင်းဖမ်းဆီးတာတွေ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ် ၃ လတာအတွင်း စက်မှုဇုန်တွေက ပေါ်တာဆွဲခံရမှုနဲ့ ပတ်သက်ပြီး အမှုပေါင်း ၆၀ ကျော်၊ လူဦးရေ ၁၀၀ ဝန်းကျင်အထိ တိုင်ကြားထားတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ဆီက သိရပါတယ်။
MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “ဒီ စက်မှုဇုန်တွေမှာ ပေါ်တာဆွဲတဲ့ပုံစံတွေက နှစ်မျိုး ကြုံတွေ့နေရတယ်၊ ပထမတမျိုးက အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်တဲ့အခါ လက်ညိုးထိုးပြီးတော့မှ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းခိုင်းတဲ့ ကိစ္စ ဖြစ်နေပြီးတော့ ဒုတိယတခုကတော့ စက်မှုဇုန်တွေမှာအထိုင်ချပြီးတော့ အလုပ် ပြန်ချိန်တွေမှာ ပေါ်တာဆွဲတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်းအထိ ၃ လတာ အတွင်းမှာဆိုရင် အမှုပေါင်း ၆၀ ကျော် လက်ခံရရှိခဲ့တယ်။ လူဦးရေအားဖြင့် ၁၀၀ ဝန်းကျင် လောက်အထိ လက်ခံရရှိခဲ့ရတယ်။ ဒီထဲကနေမှ တချို့သော အလုပ်သမားတွေကိုတော့ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကူညီပြီးတော့ ဒီ စစ်မှုထမ်းကနေ လွတ်သွားအောင် တနည်းအားဖြင့် ပြန်လာလို့ရအောင် ကူညီပေးနိုင်ခဲ့တာတွေတော့ ရှိတယ်။ ဒါပေမဲ့ အများအားဖြင့် ကျနော်တို့ကို တိုင်ကြားတာက နောက်ကျတယ်” လို့ ပြောပါတယ်။
Rangoon Scout Network ရဲ့ အချက်အလက်အရ ၂၀၂၆ ခုနှစ် ဧပြီလကနေ ဇူလိုင်လအတွင်း ရန်ကုန်မှာ လူ ၁၆၀ ကျော် ဖမ်းဆီးခံရမှုတွေကို မှတ်တမ်းတင်ထားပြီး စက်ရုံနဲ့ အလုပ်ရုံတွေထဲ ဝင်ရောက် ဖမ်းဆီးတာတွေလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင် လူငယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
စက်ရုံတွေကနေ ညဘက်အလုပ်ဆင်းချိန်တွေမှာ လုံခြုံရေးအကြောင်းပြပြီး အလုပ်သမားတွေကို ဖုန်းနဲ့အိတ်တွေ စစ်ဆေးတာအပြင် အိမ်စီးကားတွေပေါ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့က အလုပ်သမားတယောက်က “အလုပ်ပြန်ချိန်၊ OT ပြန်တဲ့ချိန်တွေမှာ တမင်ကို စောင့်ပြီးတော့မှ ဖုန်းတွေယူစစ်တယ်။ အလုပ်သမားတွေ ပြန်လာတဲ့လမ်းမှာ ကျနော်တို့ကို ရပ်ခိုင်းတယ်။ လုံခြုံရေးအကြောင်းပြပြီးတော့ ဖုန်းတွေ ယူစစ်တယ်။ အိတ်တွေ စစ်တာတွေ လုပ်တယ်။ အလုပ်သမားတွေရဲ့ ဂျာကင်အင်္ကျီတွေကို စစ်တာတွေရှိတယ်။ စစ်ပြီးပြီဆိုရင် အလုပ်သမားတွေဆီက လက်ဖက်ရည်ဖိုးပေးဆိုပြီး တောင်းပြီးပြန်လွှတ်လိုက်တာတွေ ရှိသလို တချို့တွေကိုလည်း သူတို့ လူလိုအပ်နေတယ်ဆိုရင် တခါတည်းအိမ်စီးကားတွေပေါ်မှာတင်ပြီး မောင်းသွားတာရှိတယ်။ ဘယ်ကိုမောင်းသွားမှန်းလည်း ကျနော်တို့မသိရတဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။
MICS-TUsF အနေနဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းနဲ့ အလုပ်အသွားအပြန် လမ်းကြောင်းတွေမှာ ပေါ်တာဆွဲခံရရင် အကူအညီတောင်းခံနိုင်ဖို့ Hot Line ယန္တရားတခု ဖွင့်ထားပြီး၊ အဲဒီကနေ ပြီးခဲ့တဲ့ ဇွန်လအထိ လူဦးရေပေါင်း ၅၀၀ ကျော် အကူညီတောင်း တိုင်ကြားထားတာ ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၇ ခု ဖွင့်လှစ်ထားပြီး လူငယ် ၁၃၅,၀၀၀ ကျော်ကို အဓမ္မစစ်သား စုဆောင်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် နောက်ပိုင်း ပြည်တွင်း မငြိမ်မသက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတို့ကြောင့် လူငယ် ၁ သန်းဝန်းကျင် ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။










