
မြန်မာပြည်တွင်းအခေါက်ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေး ကျဆင်းလာတဲ့အပြင် ပြည်တွင်းဒေါ်လာငွေလဲနှုန်း အကျဘက်ကို ပြန်လှည့်လာတာကြောင့် ဇူလိုင် ၁ ရက်မှာ တကျပ်သားကို ကျပ် ၉၅ သိန်းဝန်းကျင်အထိ ဆက်လက်ကျဆင်းသွားပါတယ်။
အခေါက်ရွှေ (၁၆ ပဲရည်) ရောင်းဈေးဟာ လက်ရှိမှာ တကျပ်သားကို ကျပ် ၉၅ သိန်းကျော်နဲ့ အရောင်းအဝယ် ဖြစ်နေပြီး ဇွန် ၂၉ ရက်က ကျပ် ၉၇ သိန်းကျော် ရှိခဲ့တဲ့ ရောင်းဈေးနဲ့ နှိုင်းယှဉ်ရင် နှစ်ရက်အတွင်း တကျပ်သားကို ကျပ် ၂ သိန်းကျော် ကျဆင်းလာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေး ကျဆင်းရတဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်ရဲ့ စီးပွားရေး အချက်အလက်တွေ အားကောင်းနေပြီး Fed က ဒီနှစ်အတွင်း အတိုးနှုန်း ထပ်မြှင့်နိုင်တယ်ဆိုတဲ့ မျှော်မှန်းချက်တွေ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။
ဇူလိုင် ၁ ရက်မှာတော့ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၀၀၀ အောက်အထိ ကျဆင်းခဲ့ပြီး ၈ လနီးပါးအတွင်း အနိမ့်ဆုံးဈေးတန်းကို ရောက်ရှိခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း တအောင်စကို အမေရိကန်ဒေါ်လာ ၃,၉၇၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး မနေ့ကထက် ဒေါ်လာ ၅၀ ဝန်းကျင် လျော့ကျလာပါတယ်။ တဖက်မှာလည်း ပြည်တွင်းဒေါ်လာငွေလဲနှုန်းက အကျဘက်ကို ပြန်လှည့်လာနေပါတယ်။
ဇွန် ၂၆ ရက်က အမေရိကန် တဒေါ်လာကို ကျပ် ၄,၅၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ဆက်တိုက်ပြန်ကျဆင်းလာပြီး လက်ရှိမှာတော့ ကျပ် ၄,၄၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။
ဈေးကွက်လေ့လာသူတွေကတော့ လာမဲ့ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး ဘယ်ဘက်ကို ဆက်ရွေ့မလဲ ဆိုတာဟာ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲတွေအပြင် ပြည်တွင်းဒေါ်လာငွေလဲနှုန်း အပြောင်းအလဲတွေပေါ်မှာလည်း မူတည်နေဦးမယ်လို့ သုံးသပ်ထားပါတယ်။











