
လစ်သူယေးနီးယားနိုင်ငံ၊ ဗီးလ်နီးယပ်စ်လေဆိပ်ကို ဆင်းသက်ဖို့ ချဉ်းကပ်လာတဲ့ DHL ကုန်တင်လေယာဉ်တစင်းဟာ နိုဝင်ဘာ ၂၅ ရက် အစောပိုင်းမှာ နေအိမ်တလုံးထဲကို ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူ လူတယောက် သေဆုံးပြီး တခြား ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ဟာ မြေပြင်ကို ရိုက်မိကာ အပိုင်းပိုင်းကွဲသွားတာဖြစ်ပြီး နေအိမ် အဆောက်အဦထဲကို ဝင်မတိုက်သေးခင် မီတာ ၁၀၀ ကျော်လောက် လျှပ်တိုက် လျှောသွားနေခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မီးသတ်သမားတွေဟာ ပျက်ကျခဲ့တဲ့လေယာဉ်ကို မီးငြှိမ်းသတ်နေကြပြီး မီးတောက်တွေနဲ့ မီးခိုးတွေ ဖုံးလွှမ်းနေပါတယ်။
လစ်သူယေးနီးယားသမ္မတ ယိတားနက်စ် နောက်စီးဒါနဲ့ လစ်သူယေးနီးယားနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ် ကော်နဲလိယပ်စ် ဇင်မာမန်းတို့လည်း နိုဝင်ဘာ ၂၅ ရက်မှာ ဗီးလ်နီးယပ်စ် လေဆိပ်အနီး လေယာဉ်ပျက်ကျတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဘိုးအင်း 737-400 အမျိုးအစား လေယာဉ်ကို DHL ကိုယ်စား ဆွစ်ဖ် လေကြောင်းလိုင်းက ပျံသန်းပေးခဲ့တာဖြစ်ပြီး ဂရင်းနစ်စံတော်ချိန် ၃ နာရီခွဲမှာ မပျက်ကျခင် ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်ဂ်မြို့ကနေ သူ့အချိန်ဇယား အစီအစဉ်အတိုင်း ထွက်ခွာလာခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အဆင့် အကျပ်အတည်း စီမံခန့်ခွဲမှု ဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပေမဲ့ လေယာဉ်မပျက်ကျခင်မှာ ပေါက်ကွဲမှုဖြစ်မယ်လို့ ညွှန်ပြခြင်း မရှိကြောင်းလည်း သိရပါတယ်။
လေယာဉ်ပေါ်ပါ လူ ၃ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မြေပြင်ပေါ်ရှိ လူတယောက်မှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် နေအိမ်ထဲမှ လူ ၁၂ ယောက်ကို ကယ်ထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး နေအိမ်ထဲရှိ လူအားလုံး အသက်ရှင်ကြပေမဲ့ နေအိမ်ကတော့ ပျက်စီသွားပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးဘဲ အဖျက်အမှောင့်လုပ်ရပ်ရဲ့ အရိပ်အယောင် မရှိသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျာမနီကတော့ အခုနှစ်အစောပိုင်းမှာ DHL က ပေးပို့ဖို့အတွက် လိုက်ပ်ဇစ်ပ်မြို့ရဲ့ ဂိုဒေါင်ထဲရှိ ပါဆယ်ထုပ်တွေအတွင်း ဝှက်ထားတဲ့ လောင်စာသုံးပစ္စည်းတွေကြောင့် မီးလောင်မှု အများအပြား ဖြစ်ပွားခဲ့တာကို စုံစမ်းစစ်ဆေးနေပါတယ်။
Source : Reuters